Sunday, May 21, 2017

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆဌမအကြိမ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲကျင်းပဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် မေ ၂၀
လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူ လျှင်မြန်ချောမွေ့စေရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ကဏ္ဍအလိုက် ၀န်ကြီးဌာန အသီးသီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဆဌမအကြိမ်မြောက်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)  အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကား ပြောကြားသည်။

ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက်  စီးပွားရေး လုပ်ငန်း ရှင်များနှင့်၂၀၁၆ခုနှစ်ဒီဇင်ဘာမှစတင် တွေဆုံဆွေးနွေး ခဲ့ရာ  ယခုဆိုလျှင် (၆)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက် (၂၇) ချက် ၊ ၂၀၁၇ ဇန်န၀ါရီလတွင် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက် (၁၁) ချက်၊ ဖေဖော်ဝါရီလ တွင် တတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက်(၁၆)ချက်၊မတ်လတွင်စတုတ္ထအကြိမ် တွေ့ဆုံ ဆွေးနွေး ပွဲ၌ ဆုံးဖြတ်ချက်(၁၁)ချက်နှင့် ဧပြီလတွင် ပဉ္စမအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက် ( ၁၈)ချက်  စုစုပေါင်း (၈၃) ချက်ကို ချမှတ်ခဲ့ကြောင်း။
 အဆိုပါတင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် လုပ်ငန်း ကော်မတီများက ဆက်လက်ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး လျှက်ရှိရာ (၇၅)ချက် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန် ကျန် (၈)ချက်မှာလည်း အချိန်ယူဆောင်ရွက်ရမည့် အချက်များနှင့် ဥပဒေနှင့်သက်ဆိုင် သည့် အချက်များဖြစ်ပြီး အမြန်ပြီးစီးရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
 နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အဓိကအချက်ဖြစ်သည့် တရားမ၀င် ကုန်သွယ်မှုကို ထိန်းချုပ်ရန် ထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း၊ နယ်စပ် ကုန်သွယ်ရေး ဂိတ်များတွင် တရားမ၀င်ကုန်သွယ်မှု များကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တရားမ၀င်ပစ္စည်းများ ကို ဖမ်းဆီးရမိလျင် ယခင်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ထုခွဲရောင်းချ၍ ရရှိသောငွေအပေါ် ပြည်ထောင်စု ရန်ပုံငွေအဖြစ် ၈၀ရာခိုင်နှုန်း၊ သတင်းပေးသူအား ၁၀ရာခိုင်နှုန်းနှင့် စုံစမ်းဖမ်းဆီးသည့်အဖွဲ့အစည်းများကို ၁၀ရာခိုင်နှုန်း ဆုငွေအဖြစ် ချီးမြှင့်ခဲ့သော်လည်း ယခုအချိန်တွင် ရရှိသောငွေအပေါ် ပြည်ထောင်စု ရန်ပုံငွေအဖြစ် ၅၀ရာခိုင်နှုန်း၊ သတင်းပေးသူအား ၂၀ရာခိုင်နှုန်းနှင့် စုံစမ်းဖမ်းဆီးသည့်အဖွဲ့အစည်း များကို ၃၀ရာခိုင်နှုန်း အဖြစ် ဆုကြေးငွေအားပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း။
တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်တရားမ၀င်ပစ္စည်း များကို ဖမ်းဆီးရမိလျှင် ယခင်ကပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ထုခွဲရောင်းချ၍ ရရှိသောငွေအပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ၅၀ရာခိုင်နှုန်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ၃၀ရာခိုင်နှုန်း၊ သတင်းပေး သူအား ဆုချီးမြှင့်ငွေ ၁၀ ရာခိုင်နှုန်းနှင့် စုံစမ်းရှာဖွေဖမ်းဆီးသည့်အဖွဲ့အားဆုငွေ ၁၀ရာခိုင်နှုန်း သတ်မှတ် ခဲ့သော် လည်း ယခုအချိန်တွင် တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ၃၀ရာခိုင် နှုန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ၂၀ရာခိုင်နှုန်း၊ သတင်းပေးသူအားဆုချီးမြှင့်ငွေ ၂၀ရာခိုင်နှုန်းနှင့် စုံစမ်းရှာဖွေ ဖမ်းဆီးသည့်အဖွဲ့အားဆုငွေ ၃၀ရာခိုင်နှုန်း ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါကြောင်း။
ချီးမြှင့်ငွေများတိုးမြှင့် သတ်မှတ်ပေးထားခြင်းကြောင့် ဖမ်းဆီးဆောင်ရွက်နေသူ  များအနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်မှု ရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) စစ်ဆေးမှုများကို ယခင်ကထက်လျင်မြန်တိကျစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ ကဏ္ဍအလိုက်တင်ပြချက်များနှင့် အကြံပြုချက်များကိုလည်း သက်ဆိုင်ရာက အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ထိထိရောက်ရောက် ဖြေရှင်း ပေးနိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းပြီး ယင်းအောက်တွင် အထောက်အကူပြု လုပ်ငန်း ကော်မတီ(၅)ရပ်ကို ဖွဲ့စည်းထားရှိကာ ထိရောက်လျင်မြန် စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
မြန်မာနိုင်ငံ၏  စီးပွားရေးမူဝါဒ (၁၂) ရပ်တွင် တစ်ခုအပါအ၀င်ဖြစ်သော Data ID Card System Digital Gorvernment Strategy နှင့်   E-Gorvernment Systemများ ထူထောင်ရန် အကောင် အထည်ဖော် မှုကိုလည်း အားပေးမြှင့်တင်နေပါကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ၊ ကွန်ပျူတာ လုပ်ငန်း ရှင်များ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ သို့မှသာနိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ။
လုပ်ငန်းကော်မတီများ၏ ကြိုးပမ်းမှုကြောင့် နှစ်အလိုက်  ငွေကြေးဖောင်းပွမှုနှုန်း ( Year on Year Inflation)မှာ ပြီးခဲသည့်မတ်လက ငွေကြေးဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း ရှိရာမှ ဧပြီလ၌ ၄ ဒသမ ၇၄ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း၊ ယခုထက်ငွေ ကြေးဖောင်းပွမှုကျဆင်ရေးကို ကြိုးပမ်း ဆောင်ရွက် ကြရန် ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ၀န်ကြီးဌာန အလိုက်လုပ်ငန်း ဆောင်ရွက် နေမှု၊  တိုင်းဒေသကြီးက ကူညီပံ့ပိုးပေးနေမှုနှင့် လုပ်ငန်းရှင်များ၏ လိုအပ် ချက်များ အပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးကြ သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာ ရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း (SME၊ စာရေးကိရိယာ) ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိ သူများက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြ ရာ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

(သတင်းစဉ်)        

No comments:

Post a Comment