Sunday, May 21, 2017

နေပြည်တော်၊ ဇေယျာသီရိဗိမာန်၌ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအား တွေ့ဆုံဂုဏ်ပြု


နေပြည်တော်၊ မေ - ၂၀
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိဗိမာန်၌ ကျင်းပသော ရေကြောင်းနှင့် လေကြောင်း လူငယ် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။


ဂုဏ်ပြုတွေ့ဆုံပွဲ၌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကား ပြောကြားရာတွင် မောင်တို့ မယ်တို့သည် ထူးချွန်ထက်မြက်သည့် လူငယ်များပီပီ အနာဂတ်နိုင်ငံတော်က အားထားရမည့် သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် လူငယ်များ၏ ရည်မှန်းချက်နှင့် အနာဂတ် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်း များတွင် မောင်တို့မယ်တို့အနေဖြင့် မိမိတို့စိတ်ဝင်စားသည့် ၀ါသနာအရ ဘ၀ရည်မှန်း ချက်အတွက် အခြေခံအထောက်အပံ့ဖြစ်စေရန် တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မည်သည့်ပညာရပ်မဆို အတိုင်းအတာဘောင်အကန့်အသတ် မရှိခြင်းကြောင့် သင်တန်းကာလပြီးဆုံးသွားသော်လည်း ဆက်လက် လေ့လာ ဆည်းပူးကြရန်လိုကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်၏ ရေပြင်၊ ဝေဟင်ပိုင်နက် ကာကွယ်ရေးကို စိတ်ဝင်စားမှုနှင့် မျိုးချစ်စိတ်ရှိမှုတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်း။
ယနေ့မောင်တို့မယ်တို့ လေ့လာသင်ယူနေသည့် ရေကြောင်းနှင့် လေကြောင်း ပညာရပ်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြု သကဲ့သို့ နိုင်ငံတော် ကာကွယ်ရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေကြောင်း၊ ထို့ကြောင့် ရေကြောင်းနှင့်လေကြောင်း သင်တန်းများကို တက်ရောက် ခဲ့ပြီးဖြစ်သည့် မောင်တို့မယ်တို့သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် အရန် အင်အားများ ဟုလည်း ဆိုနိုင်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ၎င်းနောက် ရေကြောင်းနှင့်လေကြောင်း လူငယ် မောင်မယ်များက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါရ၀ပြု လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ပြီး လူငယ် မောင်မယ် ကိုယ်စားလှယ် တစ်ဦးစီက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက် ရည်ပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် သည်။
ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော တပ်မတော်(ကြည်း၊ရေ၊လေ)စစ်လက်နက်  အသုံး အဆောင် ပစ္စည်းများ၊ လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက် များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
အလားတူ ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ သွားရောက် လေ့လာကြသည်။
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၁၇)နှင့် လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၁၇)တို့ကို ရေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းဌာနချုပ်များ တွင်၂၀၁၇ခုနှစ် ဧပြီ ၂၄ ရက်မှ မေ ၁၉ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ နောက်ဆုံးအပတ်တွင် သင်တန်းစခန်းများပေါင်းဆုံ၍ စခန်းပေါင်း စုံပြိုင်ပွဲများပြုလုပ်ခြင်း၊ လေ့လာရေးခရီး သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်ဖွင့်လှစ် ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အခြေခံသင်တန်းတက်ပြီးသော လူငယ်များ အတွက် တန်းမြင့်သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ရေကြောင်းလူငယ် အခြေခံအဆင့် တက်ရောက်အောင်မြင်ပြီးသူ ၁၀၂၇ ဦးနှင့် တန်းမြင့် အဆင့် တက်ရောက်အောင်မြင်ပြီးသူ ၂၈၃ ဦးရှိပြီး လေကြောင်းလူငယ်အခြေခံအဆင့် တက်ရောက် အောင်မြင်ပြီးသူ ၁၅၂၂ ဦးနှင့် တန်းမြင့်အဆင့် တက်ရောက် အောင်မြင်ပြီးသူ ၁၂၀ ဦး၊ စုစုပေါင်း ၂၉၅၂ ဦးတို့ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment