Tuesday, May 9, 2017

မတ္တရာမြို့နယ်တွင် ရွှေတချောင်းမြောင်းအားရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်း

မတ္တရာ   မေ    
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ရွှေတချောင်းမြောင်းအားရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက် ကင်းစင်ပြီး မြောင်းဘေးဝဲယာ သန့်ရှင်းသာယာရေးလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်/မြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်များ၊ စည်ပင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ မေ ၉ ရက် နံနက် ၇ နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေတချောင်းမြောင်း စုပေါင်းသန့်ရှင်းမှုတွင် နေရာ ၅ ခုအား အဖွဲ့ ၅ ဖွဲ့ခွဲ၍ ချောင်းအတွင်းရှိ ဗေဒါပင်များ၊ ခြုံနွယ်များနှင့် အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းအတွင်းလဲကျနေသော သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချောင်းဘေးရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ရွှေတချောင်းရေအား မြို့အနောက်ဘက်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်တို့၏ အနောက်ဘက်ကပ်လျှက် မှ စီးဆင်းသွားသည့်အတွက် ၄င်းရပ်ကွက်နေပြည်သူများနှင့် ချောင်းအောက်ပိုင်းရှိ ကျေးရွာနေပြည်သူများမှ ချောင်းရေကို အဓိကအသုံးပြုကြပြီး ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ချောင်းအထက်ပိုင်းတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် အမှိုက်များ၊ တိရိစ္ဆာန် အသေများနှင့် အညစ်ကြေးများကို ချောင်းအတွင်း မစွန့်ပစ်ကြရန်နှင့် ပြည်သူများပူးပေါင်းပါဝင်ရန် လိုအပ် လျက်ရှိကြောင်း သိရသည်။
ရွှေတချောင်းမြောင်းဘေးဝဲယာ အစဉ်အမြဲ သန့်ရှင်းသာယာလှပပြီး ချောင်းရေအား ကြည်လင်သန့်ရှင်းရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ချောင်းဘေးနေပြည်သူများကို အသိပညာဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment