Wednesday, May 31, 2017

မြ၀တီမြို့၌ မဲခေါင်မြစ်ဝှမ်းဒေသ ငါးပြည်ထောင်စု ဓမ္မခရီးစဉ်ကြွချီလာသော သံဃာတော် ၇၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မြ၀တီ မေ ၃၁
မဲခေါင်မြစ်ဝှမ်းဒေသတစ်လျှောက် သုဝဏ္ဏဘူမိဆိုင်ရာငါးနိုင်ငံရှိ ဗုဒ္ဓဘာသာကို မဏ္ဍိုင်ပြု၍ ညှိနှိုင်းပေါင်းစပ်ကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှ ရဟန်းတော်များ၊ သမိုင်းပညာရှင်များနှင့် မီဒီယာများ ပါဝင်သည့် လေ့လာရေးအဖွဲ့သည့် မဲခေါင်မြစ်ဝှမ်းဒေသတစ် လျှောက် ငါးနိုင်ငံသို့ ဓမ္မခရီးစဉ်ကြွချီလျက်ရှိရာ ယနေ့ မေလ ၃၁ ရက်၊ နံနက် ၈ နာရီခွဲက မြ၀တီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြ၀တီမြို့သို့ ရောက်ရှိခဲ့ကာ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ စည်ကားသိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးပြည်ထောင်စု ဓမ္မခရီးစဉ်အဖွဲ့ဆရာတော်၊သံဃာတော်များသည် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာစူထားနှင့် ထိုင်းဌာနဆိုင်ရာများလိုက်ပါလျက် အမှတ်(၁)ချစ်ကြည်ရေးတံတား အလယ်သို့ ကြွချီလာရာ  မြန်မာနိုင်ငံ သာသနာ့နုဂ္ဂဟအသင်းဥက္ကဌ ဇေကမ္ဘာဦးခင်ရွှေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ရှေ့တန်းအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်ဝင်း၊ ခရိုင်အုပ်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့်ဌာနဆိုင်ရာများ၊ ပြည်နယ်သာသနာ့ နုဂ္ဂဟအသင်းဥက္ကဌ ဦးစောမုတ်သိုလ် နှင့် တာဝန်ရှိသူများက ခရီးဦးကြိုဆိုခဲ့ပြီး မြ၀တီမြို့၊ ညဈေးရှေ့မှစ၍ ရွှေမြင်းဝန်စေတီတော်ကြီး အရှေ့ မုဒ်ဝအထိ ဘုရင့် နောင်လမ်းမကြီးတစ်လျှောက်တွင် စေတနာရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုများ စည်ကား သိုက်မြိုက်စွာ ဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် ငါးပြည်ထောင်စုဓမ္မခရီးစဉ်အဖွဲ့ ဆရာတော်၊ သံဃာတော်များသည် ရွှေမြင်းဝန်စေတီတော်ကြီးရှိ သာသနာ့ဟိတကာ ရီဗိမာန်တော်သို့ ကြွရောက်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်ရာ ကရင်ပြည်နယ် သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ငါးနိုင်ငံ ဆရာတော်များထံ ဗုဒ္ဓရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးနိုင်ငံ ဓမ္မအဖွဲ့ခေါင်းဆောင်များထံ ယွန်းအုပ်များ အမှတ်တရပေးအပ်ခြင်း၊ ဆရာတော်၊ သံဃာ တော်များထံ လှူဖွယ်ဝတ္ထုများဆက်ကပ်ခြင်း၊ ကျိုက်ထီးဆောင်းဆရာ တော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ ထံမှ ရေစက်ချတရားတော်များ နာယူခြင်းများ ဆောင်ရွက် ကြပြီး ဆရာတော်၊သံဃာတော်များအား တာဝန်ရှိသူများက နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ဆရာတော်၊သံဃာတော်များသည် မြ၀တီမြို့၊ ရွှေတိဂုံပုံတူ မဟာကနကရွှေစေတီတော် သို့ ကြွရောက်ပြီး စေတီတော်ပရ၀ဏ်၌  ဗောဓိညောင်ပင်အား စိုက်ပျိုးပေးခဲ့သည်။ အဆိုပါ ငါးပြည်ထောင်စု ဓမ္မခရီးစဉ် အဖွဲ့တွင် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှ စုစုပေါင်းသံဃာတော် အပါး ၇၈ ပါးပါဝင်ခဲ့ပြီး ကျိုက်ထီးရိုးစေတီတော်သို့ဖူးမျှော်ရန် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment