Wednesday, May 31, 2017

ငါးသိုင်းချောင်းမြို့၌ ရေယာဉ်ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းမုခ်ဦးဖွင့်ပွဲကျင်းပ

ငါးသိုင်းချောင်း၊ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက် ငဝန်မြစ်ကမ်းရှိ ရေယာဉ် ဆိပ်ကမ်းမုခ်ဦးနှင့် ဆိပ်ခံကွန်ကရိတံတားဖွင့်ပွဲကို မေလ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး တက်ရောက်နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ/ မြို့နယ် ရေယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှတာဝန်ရှိသူများ/ဒေသခံပြည်သူများ စုံညီစွာတက်ရောက်၍ ဆိပ်ကမ်းမုခ်ဦးနှင့်ဆိပ်ခံတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါဆိပ်ကမ်းမုခ်ဦးအား ငါးသိုင်းချောင်းမြို့ ဦးစတားစိုက်ပျိုးရေးဆေးရောင်းဝယ်ရေးမိသားစုမှ ကာလတန်ဖိုး ငွေကျပ် ၁၃ သိန်းကျော် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဆိပ်ခံကွန်ကရိတံတားအား တိုင်းဒေသကြီး ရေယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ငွေကျပ် (၁၀)သိန်း/ Max energy ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်း ဒေသခံပြည်သူနှင့် ရေယာဉ်ပိုင်ရှင်များမှ ငွေကျပ် (၆၀)သိန်းတို့ဖြင့် ဆိပ်ကမ်းမုခ်ဦးနှင့် ဆိပ်ခံကွန်ကရိတံတား အရှည်ပေ ၁၂၀ အကျယ် ၁၀ ပေအား စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၀၀)ဝန်းကျင်ဖြင့် ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ ရေယာဉ်ဆိပ်ကမ်းမှ ငဝန်မြစ်အထက်ဖက် လေးမျက်နှာမြို့နယ်နှင့် ငဝန်မြစ်အောက်ဖက် သာပေါင်း မြို့နယ်များသို့ ခရီးသည်တင်ရေယာဉ်လိုင်း (စက်လှေကြီး) (၂၀) စီးနှင့် ကုန်တင်စက်လှေများနေ့စဉ် ပုံမှန်ပြေးဆွဲလျှက် ရှိရာ အများပြည်သူ ဆက်သွယ်သွားလာစည်ကားရာ ဆိပ်ကမ်းသန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ စုပေါင်းကြိုးပမ်းလှူဒါန်း ဆောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်လျှက်ရှိကြောင်း ဆိပ်ခံတံတားနှင့် မုခ်ဦးဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့မှ ဒေသခံပြည်သူ ဦးကိုတူးမှ ပြောကြားခဲ့ပြီး ရေယာဉ်ပိုင်ရှင်ဦးဘာဘူမှလည်း ဆိပ်ကမ်းသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment