Friday, May 12, 2017

ဒေါစဲကျေးရွာ ကျောက်ချောလမ်းသစ် ဖွင့်လှစ်

ဒီးမော့ဆို     မေ     ၁၂
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယစက်ဝန်း လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေ ၁၅၆ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေါကလော်ဒူ ကျေးရွာအုပ်စု ဒေါစဲကျေးရွာ ကျောက်ချောလမ်းသစ် အရှည် ၂၇၃၀ ပေ၊ အကျယ် ၁၂ ပေ ဖွင့်ပွဲကို မေ ၁၂ ရက် နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဘော့်စကိုက လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လမ်း၊ တံတား၊ ရေပေးရေး၊ မီးရရှိရေး၊ ကျေးရွာခန်းမဆောင်၊ စာသင်ကျောင်း၊ ဆေးပေးခန်းများနှင့် သန့်ရှင်းသော ယင်လုံအိမ်သာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ကျေးရွာပြည်သူလူထုများ ကိုယ်တိုင်ရွေးချယ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်း၊ လူ့စွမ်းအား အရည်အသွေးများကို မြင့်တင်ပေးလျက်ရှိကြောင်း၊ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲအောင် ကျေးရွာပြည်သူလူထုများ ဝိုင်းဝန်းထိန်းသိမ်းစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးဆော်ရယ်က စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီ ဒေါ်ကျားမြာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးဘော့်စကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဇော်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးပိုးရယ်ဘအေးတို့က ကျေးရွာ ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယစက်ဝန်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းကို ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာ ၇၆ ရွာမှ လမ်း၊ တံတား၊ ရေရရှိရေး၊ အဆောက်အဦနှင့် အခြားလုပ်ငန်း စုစုပေါင်း ၇၉ ခုကို ရန်ပုံငွေကျပ် ၉၇၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment