Friday, May 12, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗြိတိန်နိုင်ငံ Inter Mediate အဖွဲ့နှင့် အိန္ဒိယ သံအမတ်ကြီးတို့အား တွေ့ဆုံဆွေးနွေး


နေပြည်တော် မေ ၁၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗြိတိန်နိုင်ငံ Inter Mediate အဖွဲ့မှ Mr. Jonathan Powell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Mr. Jonathan Powell နှင့်အဖွဲ့ဝင်များက Inter Mediate အဖွဲ့၏ မြောက်အိုင်ယာလန်၊ အာဖရိကတိုက်နှင့် ကိုလံဘီယာတို့တွင် တွေ့ကြုံခဲ့ရသည့် ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများအား မျှဝေလုပ်ဆောင်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အရေး ကိစ္စများတွင် ကူညီဆောင်ရွက်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က NCA တွင် လက်မှတ်ရေးထိုးထားပြီး NCA လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုး ရခြင်းမရှိသေးသည့် အဖွဲ့များအနေဖြင့် တစ်ဖွဲ့ချင်း၏ သဘောသဘာဝကွဲပြား ခြားနားမှုများ၊ ယင်းသဘောသဘာဝများ အပေါ်မူတည်၍ ငြိမ်းချမ်းရေးဆောင်ရွက်ရသည့် အခြေအနေများ၊ ယင်းအချက်များအပေါ် တစ်ဖက်နှင့် တစ်ဖက် အာမခံပေးမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ဖြင့် ဆွေးနွေး ညှိနှိုင်းဖြေရှင်းရန် လိုအပ်သည့် အခြေအနေများကို ပြန်လည် ဆွေးနွေးသည်။
ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vikram Misri အား မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တပ်မတော်အကြီးအကဲများ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်း ဆိုင်ရာများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အတွေ့အကြုံများဖလှယ် ရယူရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment