Thursday, April 6, 2017

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုတတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဧပြီ (၆)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန  စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကိုပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖက်စပ် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် နိုင်ငံပိုင်အဖြစ်ကျန်ရှိနေသော စက်ရုံအလုပ်ရုံ များကိုလည်း ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စား မှု အဆိုပြုလွှာ (Expression of Interest – EoI) များဖိတ်ခေါ်ထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိစက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်း ကြောင့် လုပ်ငန်းများကို လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက်ဆောင် ရွက်နိုင်သည် ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများမှအကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများကို မှန်မှန်ကန်ကန်ရွေးချယ်ရန်နှင့် သမာသမတ် ကျစွာ အဂတိတရားကင်းရှင်းရန် လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန်အတွက် တာဝန်ယူ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေရှိမည့် မူဝါဒများ ချမှတ်ရန်လိုကြောင်း၊ ချမှတ်သည့် မူဝါဒများကို ရည်မှန်းချက် ပြည့်မီသည်အထိ လက်တွေ့လိုက်နာအကောင်အထည်ဖော် နိုင်ရမည်ဖြစ် ကြောင်း၊ ညှိနှိုင်းအစည်းအဝေးတွင် ပြီးခဲ့သည့် နှစ်အတွင်းဆောင်ရွက်ချက် များကို ပြန်လည်သုံးသပ်ပြီး နောက်ယခု ဘဏ္ဍာနှစ်၌ ဆက်လက်ဆောင်ရွက်မည့် အစီအမံ များကို ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်အရှုံးပေါ်နေသည့် စီးပွားရေးလုပ်ငန်းများကို ရေရှည် အကျိုးအမြတ် ရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်၍ အများပြည်သူအကျိုးကို ရှေ့ရှုပြီး ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနမှ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ရေး အစီအစဉ် အရ စက်မှုထုတ်ကုန်ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စက်မှုသင်တန်း ကျောင်းများမှ ကျွမ်းကျင်လုပ်သားများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်သော လုပ်သား ကောင်းများအဖြစ် မွေးထုတ်ပေးလျက်ရှိသည့် အခြေအနေနှင့် တိုးချဲ့ဖွင့်လှစ်မည့် သင်တန်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံများမှ စက်ရုံမှူးများက ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ် ဆောင်ရွက် ခဲ့သည့်အခြေအနေနှင့် ယခုဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးများက လုပ်ငန်းတစ်ခုချင်းစီအလိုက် စီးပွားရေးအရအရှုံး/အမြတ်အခြေအနေ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေအရပ်ရပ်တို့ကို သုံးသပ်တင်ပြ ဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment