Friday, April 28, 2017

ဒလမြို့နယ်အတွင်းရှိ ခနောင်ကျေးရွာ(၆)ရွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းများဆောင်ရွက်



ဒလ ဧပြီ ၂၈
            ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ခနောင်ရွာမ၊ ခနောင်ရှမ်းစု၊ ခနောင်အထက်၊ ခနောင်တောထဲကန်၊ ခနောင်မီးခြစ်စက်၊ ခနောင်ချောင်းဝ ကျေးရွာများသို့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်းများသွယ်တန်းခြင်းနှင့် ကွန်ကရစ် ဓာတ်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဧပြီလ ၁၃ ရက်နေ့ မှ စတင်ပြီး ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဌာန ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခနောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာ လျှပ်စစ်မီးရရှိစေရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် (၆.၆)ကေဗွီ ဓာတ်အားလိုင်းအရှည် (၂၆၄ဝဝ)ပေ၊ (၄.၉)မိုင်ခန့် တည်ဆောက်ပေးခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ သွယ်တန်းနိုင်ရန် ကွန်ကရစ်ဓာတ်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးစံထွန်းအောင် က  " ဒလ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ခနောင်ကျေးရွာအုပ်စုအတွင်းရှိ ခနောင်ကျေးရွာ(၆)ရွာကို လျှပ်စစ်မီးလင်းရေးအတွက် ၆.၆ ကေဗွီ ဓာတ်အားလိုင်း(၄.၉)မိုင် တည်ဆောက်ဖို့ လွှတ်တော်ကတိကဝတ်အနေနဲ့ ဌာနမှ ဖေဖော်ဝါရီလ ၆ ရက်နေ့က ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း၊ မြို့နယ်အနေနဲ့ ပစ္စည်းထုတ်ယူခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းတွေကို စတင်ဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဌာန အနေဖြင့် ခနောင်ကျေးရွာ(၆)ရွာ မီးလင်းရေးအတွက်ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက   ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများ လျှပ်စစ်ဓာတ်အားလိုင်းပြည့်ဝစွာသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း"ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ခနောင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ခုဆို ပြည်ထောင်စုလွှတ်တော်ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်း၊ မြေသားလမ်းဖောက်လုပ် ပေးခြင်းတို့ကို ဆောက်ရွက်ပေးခြင်းတို့ကြောင့် ဟိုးအရင်က ကျေးရွာလမ်းတွေ မကောင်းခဲ့တာ ယခုဆို လမ်းပန်းဆက်သွယ်ရေး အတွက် အဆင်ပြေချောမွေ့နေပါပြီး၊ လျှပ်စစ်မီးရရှိဖို့ဘဲ ကျန်တော့တယ်၊  မီးရရှိစေရေးအတွက်ပါ  နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနေတာ တွေ့ရတော့ ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်မိကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား အတိုင်းမသိကျေနပ်မိပါတယ် " ဟု ခနောင်မီးခြစ်စက်ကျေးရွာ မှ ဒေသခံပြည်သူ ဦးစန်းဝင်း က ပြောကြားခဲ့သည်။
  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် (၄၅)မြို့နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ တို့တွင် ၃နှစ်တာ ကာလ အတွင်း လျှပ်စစ်မီးရရှိစေရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ရေကောင်းရေသန့် ရရှိစေရေးတို့ကို  ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၂ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် ခနောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရမှ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးရရှိစေရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ သောက်သုံးရေများ ရရှိစေရေးတို့ကို  နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ပြည်နယ်နှင့်တိုင်း၊ခရိုင်နှင့် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများပါ မကျန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                                  
               သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment