Friday, April 28, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ


မနီလာ၊ ဧပြီ ၂၈
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၉ ရက်တွင်ကျင်းပမည့် အကြိမ်(၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မနီလာမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး Ms. Paulyn Jean B. Russel Ubial ၊ အကြိမ် (၃၀) မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကြိုတင်ရောက်ရှိနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းနိုင် ၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် တာဝန်ရှိသူများ က Nino Aquino အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် Manila Diamond Hotel သို့ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဖိလစ်ပိုင် အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းစင်တာသို့ ရောက်ရှိကြပြီး နာနတ်နှင့် ငှက်ပျောမျှင်တို့ဖြင့် ဖိလစ်ပိုင်ရိုးရာ အ၀တ်အထည်နှင့်အသုံးအဆောင်များ ယက်လုပ်သည့် ယက္ကန်းသရုပ်ပြပွဲကို လေ့လာ ကြည့်ရှုသည်။
ထို့နောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီး ချုပ် H.E. Mr. Nguyen Xuan Phuc တို့သည် ခေတ္တတည်းခိုသည့် Manila Diamond Hotel ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးအဆင့်မြှင့်တင် ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများဆက်လက်တိုးချဲ့သွားရေး၊ အာဆီယံ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရေး ဆိုင်ရာကိစ္စရပ်များ ကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တတည်းခိုသည့် Manila Diamond Hotel ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ စစ်သံမှူး၊ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များကို တွေ့ဆုံသည်။

No comments:

Post a Comment