Thursday, April 6, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

ချန်ဒူး ဧပြီ ၆   
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးတို့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာ ချမ်းချမ်းတို့က နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါကြပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့ Shuang Liu အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အဖွဲ့ဝင်များအား စီချွမ်ပြည်နယ် ဒုတိယ မြို့တော်ဝန် မစ္စတာ ဟောင်ဟွန်းဘူ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာသံရုံး ၀န်ထမ်းများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ချန်ဒူးမြို့ ဂျင်ဂျန်းဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ လေရှန် မြို့သို့ ရောက်ရှိကြပြီး (Giant Buddha) ကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီးသည် လေရှန်မြို့ အနီးတွင်ရှိသော Minjiang မြစ်၊ Dadu မြစ်၊  Qingyi  မြစ် ၃ စင်းဆုံရာတွင် တည်ရှိသည်။ ကျောက်တောင်နံရံကို ထွင်းထုထားခြင်းဖြစ်ပြီး ခြေနှစ်ဖက်စုံချထားသည်။ ဉာဏ်တော် အမြင့် ၇၁ မီတာ (၂၃၃ ပေ)၊ ပခုံးတော်အကျယ် ၂၈ မီတာ၊ မျက်နှာတော် အရှည် ၁၄ ဒသမ ၇ မီတာနှင့် မျက်နှာပြင်အကျယ် ၁၀ မီတာရှိသည်။ တရုတ်နိုင်ငံ "တန်" မင်းဆက်လက်ထက် အေဒီ ၇၁၃ တွင် စတင်ထွင်းထုခဲ့ပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ တွင် ပြီးစီးခဲ့သည်။ (Giant Buddha) သည် ကမ္ဘာ့အကြီးဆုံး ကျောက်ထွင်း ဗုဒ္ဓရုပ်ပွားတော် အဖြစ် မှတ်တမ်းဝင်ထားပြီး ၁၉၉၆ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် သတ်မှတ်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် ချန်ဒူးမြို့ ဂျင်ဂျန်း ဟိုတယ်၌ စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး Mr. Wang Dongming အား လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးနှင့် ပညာတော်သင်များ အပြန်အလှန်စေလွှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးသည် စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး တည်ခင်းသော ညစာစားပွဲသို့ တက်ရောက် ကြသည်။

(သတင်းစဉ်) 

No comments:

Post a Comment