ခင်ရတနာ
နိုင်ငံတော်အစိုးရသစ်
စတင်တာဝန်ယူချိန်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ၂ဝ၁၆ ခုနှစ် ဧပြီ
၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေနှင့်အညီ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟူသည့်
ဝန်ကြီးဌာနအသစ် ပေါ်ထွန်းလာခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏
ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပုဒ်မ-၃ ပြဋ္ဌာန်းချက်ပါ
အတိုင်း (၁) ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ (၂) ဈေးကွက်စီးပွားရေးစနစ် ထွန်းကားရေး၊
(၃) ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးနှင့် (၄) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဆိုင်ရာ ဥပဒေအရအပ်နှင်းထား သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန် (၄) ရပ်ကို
အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်ရန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ
ချမှတ်ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရေးအတွက် အထောက်အကူပြု
ဝန်ကြီးဌာနတစ်ခုပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဆောင်ရွက်ချက်များမှာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များနှင့် ဆက်နွှယ်နေသည်ဟု ဆိုနိုင်
သည်။
''နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ
စင်စစ်အားဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လိုအပ်တာတွေ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေတဲ့၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ပေးတဲ့မူဝါဒတွေကို အကောင်အထည် ဖော်ရာမှာ ပေါင်းစပ်
ညှိနှိုင်းပေးနေတဲ့ အထောက်အကူပြုဝန်ကြီးဌာနတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံး
ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆောင် ရွက်ချက်တွေနဲ့
ဆက်နွှယ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေနဲ့
အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင်နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ထိန်းသိမ်းခံရသူတွေ လွတ်မြောက်ရေး၊ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးအပါအဝင် နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကဏ္ဍတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ချမှတ်ပေးတဲ့မူဝါဒ၊ လမ်းညွှန်ချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်''ဟု နိုင်ငံတော်
အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး
ဝန်ကြီးဌာနသည် အစိုးရသစ်၏ နိုင်ငံတော်အတွက် ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင် များဖြစ်သော
ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် သာယာဝပြောရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာ
အောင်မြင်ရေး (Peace- Prosperity-Democracy-PPD) တို့အတွက် အကောင်အထည်ဖော်ရာတွင် အဓိကပံ့ပိုး
ကူညီဆောင်ရွက်သည်။ ထိုပန်းတိုင် (၃) ရပ် မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသည်။ နိုင်ငံအတွင်း
ငြိမ်းချမ်းမှ စီးပွားရေးတိုးတက်မှုများ အားကောင်းခိုင်မာစေ မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အထက်ပါပန်းတိုင်
(၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တစ်သီးတခြား ဆောင်ရွက်ခြင်းမပြုဘဲ ခြုံငုံစဉ်းစား၍
ဆက်စပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်
အင်စတီကျူးရှင်းများ စတင်ပြင်ဆင်
အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး
လုပ်ငန်းများ မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်မည်နည်းဟူသော မေးခွန်းမှာ ပြည်သူများသာမက
နိုင်ငံတကာကပါ သိရှိလိုသည့် မေးခွန်းဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေဖြင့်
ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို ရှေ့နောက် အဆက်မပြတ်ရေး၊ လက်တွေ့ကျပြီး အလားအလာကောင်းမွန်သော
လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ရေး၊ သက်ဆိုင်ရာ ပါဝင်ပတ် သက်သူ Stakeholder များအားလုံးက
သဘောတူလက်ခံနိုင်ရေး စသည်တို့ကို တာဝန်ယူ၍ ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရန်အတွက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထဲထဲဝင်ဝင်
ဆောင်ရွက်ခဲ့သူများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည့်နည်းတူ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းများ
ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
''ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အပိုင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက်နဲ့အညီ ငြိမ်းချမ်းရေးတစ်ခုတည်း
သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပါ ခြုံငုံထူထောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့
ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့နောက်အဆက်မပြတ်စေရေး၊ လက်တွေ့ကျပြီး အလားအလာကောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ်
ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ Stakeholder အားလုံး သဘောတူလက်ခံနိုင်ရေးတို့အတွက်
ဆောင်ရွက်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထိုသို့ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
ပါဝင်ဆောင်ရွက်နေသူ အသီးသီးနှင့်တွေ့ဆုံခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုချက်
များ ရယူခြင်း စသည်တို့ကို ဆောင်ရွက်ပြီးနောက် ပန်းတိုင် (၃)ရပ်လုံးအတွက် အင်စတီကျူးရှင်းများ
ပြင်ဆင်ခင်းကျင်း ခြင်း၏ ကနဦး ဆောင်ရွက်ချက်အဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center- NRPC)ကို နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ်က ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့ခြင်းဖြစ်သည်။
NRPC မှ အစပြု၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်း ရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို
စတင်ခြေလှမ်း လှမ်းခဲ့ခြင်း ဖြစ်သည်။
NRPC ကို ဖွဲ့စည်းရာတွင်
ပြည်တွင်း ငြိမ်းချမ်းရေးသာမက ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းစဉ်းစား
ဆောင် ရွက်ခဲ့သည်။ NRPC ပြင်ဆင်ဖွဲ့စည်းရာတွင်လည်း နေပြည်တော်တွင် NRPC ရုံးချုပ်ထားရှိပြီး
ရန်ကုန်ရှိ (ယခင် Myanmar Peace Center ရုံးဟောင်း) ကို NRPC ရန်ကုန်ရုံးခွဲ အဖြစ်
ထားရှိနိုင်ရေး ဆောင်ရွက်ခဲ့ရသည်။ နေပြည်တော်ရှိ NRPC ရုံးချုပ်ကို ယခင် အားကစားတက္ကသိုလ်
ဖွင့်လှစ်ရန်လျာထားသည့် အားကစားကျေးရွာရှိ အဆောက်အအုံတွင် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ် နိုင်ခဲ့သည်။ NRPC ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး
ငြိမ်းချမ်းရေးသံလွင်ပင်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်စိုက်ပျိုး၍
ဖွင့်လှစ်ပေးခဲ့သည်။
တစ်ဖက်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)
ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ
အဆက်ပြတ်တောက် ခြင်းမရှိစေရန် အခင်းအကျင်းများ ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ အင်စတီကျူးရှင်းများ
ပြင်ဆင်သတ်မှတ်ခြင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းတို့ကို တစ်ချိန်တည်းတစ်ပြိုင်
တည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ပထမဦးစွာ (၂၁) ရာစု ပင်လုံညီလာခံဟူသော သဘောတရားကို
တည်ရှိပြီးဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အံဝင်ခွင်ကျဖြစ် စေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire
Agreement – NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ခေါင်းဆောင်များနှင့်
တွေ့ဆုံaဆွးနွေးပြီး ပြုလုပ်ရန်ရှိသောညီလာခံကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)
ရာစုပင်လုံဟု ခေါ်တွင်စေခဲ့သည်။ NCA အရ ဖွဲ့စည်းပေါ်ပေါက်လာသော ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee-JMC) နှင့် တွေ့ဆုံပြီး
JMC လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် မူဝါဒပိုင်းအရ အတည်ပြုပေးခဲ့သည်။ NCA
စာချုပ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် နိုင်ငံရေးဆွေးနွေး
ပွဲများ ကျင်းပဆောင်ရွက်ရန်ဟူသော အရေးကြီးသည့် လုပ်ငန်းတာဝန်ကြီးနှစ်ရပ် ဖော်ပြပါရှိသည့်အလျောက်
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ဆက်လက်ထိန်းသိမ်းနိုင်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်
နှင့် JMC ၏ လုပ်ငန်းစဉ်များ ခိုင်မာစေရန် ဆောင်ရွက်ခြင်းဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောထားကွဲလွဲမှုများ လျော့ပါးစေခဲ့ပြီး နှစ်ဖက်ပစ်ခတ်
တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ် ပိုမိုခိုင်မာလာစေခဲ့သည်။
''ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း
Dual track နှစ်လမ်းသွားလမ်းကြောင်းနဲ့ ဆောင်ရွက်ရာမှာ တစ်ဖက်မှာ (Nationwide
Ceasefire Agreement – NCA)လက်မှတ် ထိုးထားတဲ့အဖွဲ့များနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ
ဆက်လက်ဆောင်ရွက်ခဲ့သလို နောက် တစ်ဖက်မှာလည်း NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု
တွေပြုလုပ်နေပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
သက်ဆိုင်သူများအားလုံးပါဝင်ရေး လမ်းနှစ်သွယ်ဖြင့် ချဉ်းကပ်ဆောင်ရွက်
လက်မှတ်ရေးထိုးပြီးသော
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရာတွင်
အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်းဖြစ်သည်။ လက်မှတ်
ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ
ဆောင်ရွက်နိုင်ရန် အတွက်လည်း သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လမ်းနှစ်သွယ်
တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက်
ဆပ်ကော်မတီ(၁)နှင့် ဆပ်ကော်မတီ(၂)ဟူ၍ ကော်မတီနှစ်ခုပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)
ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ဆပ်ကော်မတီ(၁) မှာ
NCA လက်မှတ် ရေးထိုးထားပြီးဖြစ်သော အဖွဲ့များနှင့် ဆွေးနွေးရန်ဖြစ်ပြီး ဆပ်ကော်မတီ(၂)
မှာ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ဆွေးနွေးရန်ဖြစ်သည်။ ယင်းဆပ်ကော်မတီ နှစ်ရပ်ပေါင်းအနေဖြင့်
လက်မှတ်ထိုးပြီးသူများရော၊ လက်မှတ်မထိုးရသေးသူများပါ ပေါင်းစည်းပါဝင် ဆွေးနွေးနိုင်မည့်
နည်းလမ်းကို ရှာဖွေခဲ့ရာ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်သည့် အစည်းအဝေးများ
ဆောင်ရွက်နိုင်သည့်အခြေအနေကို ရရှိခဲ့ကြောင်း သိရသည်။
အလားတူပင် NRPC မှ
ချမှတ်ပေးသော မူဝါဒများကို အကောင်အထည်ဖော်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများအား NRPC နှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရန်
ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်သည့် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မထိုးရသေးသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့သည်။ အဓိကအားဖြင့် လက်မှတ်
မထိုးရ သေးသည့်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
(၂၁)ရာစု ပင်လုံညီလာခံကျင်းပရေး
ကိစ္စရပ်များကို ဆပ်ကော်မတီ(၁)နှင့် ဆွေးနွေးခြင်း၊ လက်မှတ်မထိုးရသေးသော အဖွဲ့များအား
ဆပ်ကော်မတီ(၂)မှ တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်ဖွဲ့ပေါင်းစည်းပါဝင်သော Framework
Review Meeting များကို ပူးတွဲပါဝင်စေခြင်းဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးသူများ
Ownership ရရှိရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ နည်းလမ်းနှစ်သွယ် တစ်ပြိုင်နက်တည်း
ဆောင်ရွက်ခဲ့သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အကြိမ်
အစည်းအဝေးတွင် NCA လက်မှတ် မရေးထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ
တက်ရောက်နိုင်သည်အထိ နားလည်မှုများ ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့သည်။
ပို၍ထူးခြားသည်မှာ
၂ဝ၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ
ပထမအစည်းအဝေး တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ NCA လက်မှတ်ရေးထိုးပြီး
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပူးတွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဤ ထူးခြားချက်မှာ
NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
ပါဝင်သင့် ပါဝင် ထိုက်သူအားလုံး ပူးတွဲဆောင်ရွက်ခဲ့ကြသည့် အောင်မြင်မှုတစ်ရပ်ဟု ဆိုနိုင်သည်။
နိုင်ငံရေးဆွေးနွေးပွဲများအတွက်
ပြင်ဆင်ဆောင်ရွက်
တစ်ချိန်တည်းမှာပင်
နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် အဓိကအဖွဲ့အစည်း တစ်ရပ်ဖြစ်သော ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint
Committee-UPDJC) ကို ပြင်ဆင်ဖွဲ့စည်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ UPDJC သည်
NCA အရ ဖွဲ့စည်းဖြစ်ပေါ်လာသည့် အဖွဲ့အစည်းဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းတွင်
ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့် ရရှိရမည်ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ်၏ မူဝါဒလမ်းညွှန်ချက်အတိုင်း ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်သည့်
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် UPDJC ကို နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ
အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့များနှင့် ပြန်လည် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
နိုင်ငံရေးဆွေးနွေးမှုမူဘောင်
ပြန်လည်သုံးသပ်ရာတွင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် အလေးပေး ဆောင်ရွက်ခဲ့
သလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်
လိုအပ်သော လုပ်ငန်းလမ်းညွှန်များကို UPDJC မှ ရေးဆွဲအတည်ပြုပေးနိုင်ခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်သည်
နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံသားတို့ ဆန္ဒ သဘောထားများ ပါဝင်နိုင်ရေးကို
အလေးပေး ဆောင်ရွက်ခြင်းတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပခြင်းသည်
နှစ်ပေါင်းများစွာအတွင်း ကြီးမားလှသော လူထုပါဝင်မှုပင် ဖြစ်သည်။ အလားတူ ထူးခြားချက်တစ်ရပ်မှာ
အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးအနက်ထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်သည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများအား CSO Forum အဖြစ် သီးခြားဆောင်ရွက်စေပြီး
ထိုဖိုရမ်မှ တင်ပြလာသော အဆိုပြုချက်များကို ငြိမ်းချမ်းရေးညီလာခံတွင် ထည့်သွင်းစဉ်းစား
သုံးသပ်နိုင်စေရန် ဆောင်ရွက်ခဲ့ရာတွင် UPDJC ၏ အခန်းကဏ္ဍမှာ အထူးပင် အရေးကြီးသည်။ မူဘောင်ပြင်ဆင်ခြင်းနှင့်
ပြည်သူလူထုပါဝင်မှု လမ်းဖွင့်ပေးခြင်းတို့သည် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်၏ အောင်မြင်မှုပင်ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
နှစ်ပေါင်းခြောက်ဆယ်ကျော်
ပဋိပက္ခနှင့် တင်းမာမှုများ ပြင်းထန်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းမှု
ရရှိရေးသည် အဓိကအရေးကြီးဆုံး လိုအပ်ချက်တစ်ရပ် ဖြစ်သည်။
အစိုးရသစ် စတင်တာဝန်ယူစဉ်
ပြည်သူလူထုအား အသိပေးပြောကြားခဲ့သည်နှင့် အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးစားပေး
လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အနိမ့်အမြင့်၊
အတက်အကျများစွာ ကြုံတွေ့ရလေ့ရှိပြီး စိတ်ရှည်သည်းခံမှု၊ စိတ်ရင်းစေတနာမှန်ကန်မှု၊ အပြန်အလှန်
နားလည်မှုတို့ဖြင့် ရေရှည်အချိန်ယူ၍ ဆောင်ရွက်ရသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း
တွေ့မြင်ခဲ့ရ သော အတွေ့အကြုံတို့သည်လည်း ငြိမ်းချမ်း ရေးဖြစ်စဉ် မယိမ်းယိုင်ရေးအတွက်
သင်ခန်းစာများဟု ဆိုနိုင်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
နိုင်ငံရေးဆွေးနွေးပွဲများသည် ခွဲခြား၍ မရနိုင်ဘဲ တပေါင်းတစည်းတည်းဖြစ်သည်ကို ပြသသည့်အနေဖြင့်
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရန် နှစ်ပေါင်း(၆ဝ)ကျော်ကာလ
အတွင်း တိုင်းရင်းသားများ၏ သဘောထားရပ်တည် ချက်များကို ပွင့်လင်းလွတ်လပ်စွာ ပြောကြားခွင့်ရရှိစေသည့်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ပထမအစည်းအဝေးကို ကျင်းပခဲ့ပါသည်။
ယင်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများက
တိုင်းရင်းသား ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၏ ရပ်တည်ချက် သဘောထားများကို တိုက်ရိုက်ကြည့်ရှုနိုင်သည့်အတွက်
လူထုစိတ်ဝင်စားမှု အရှိန်အဟုန် မြင့်တက်ခဲ့သည့် အပြင် နှစ်ပေါင်း များစွာအတွင်း မတူကွဲပြားနေခဲ့သော
တိုင်းရင်းသားတို့၏ အမြင်များကို ပြည်သူ တစ်ရပ်လုံး တွေ့ မြင်ကြားသိခွင့် ပေးနိုင်ခဲ့ခြင်း
ဖြစ်သည်။
မကြာခင်ကာလတွင် ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပရန်စီစဉ် လျက်ရှိပြီး
ယင်းညီလာခံတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံ မူဝါဒနှင့် စပ်လျဉ်းသည့် သဘောတူညီချက်တစ်ရပ်
ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် UPDJC မှ သဘောတူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဤသဘော တူညီချက်သည် တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသည့် အနာဂတ်
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အရေးကြီးလှသော အခြေခံမူများ ဖြစ်လာမည်ဖြစ်သည်။
NCA ၏ တစ်နှစ်တာနှင့်
အနာဂတ်မျှော်မှန်းချက်
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည်
NCA ကို အခြေခံ၍ တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများ
ဖြစ်ထွန်းပေါ်ပေါက်လာ စေသည့် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသာမက ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးအပေါ် စောင့်ကြည့်၍ ညှိနှိုင်းဖြေရှင်းသည့် လုပ်ငန်းစဉ်များကို သဘောတူညီခြင်းဖြစ်
သည့်အပြင် နိုင်ငံရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များ အတွက်ပါ နှစ်ဦးနှစ်ဖက်အကြား အာမခံ
ချက်များထားရှိခြင်း ဖြစ်ပါသည်။ ယင်းစာချုပ်ပါအချက် များသည် အင်အားစုများအကြား ညှိနှိုင်းသဘောတူညီထားသော
ငြိမ်းချမ်းရေး အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် ၎င်းအချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည်
အနာဂတ် ပြည်ထောင်စုအတွက် အရေးပါသော ခြေလှမ်းများဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု၏
အဓိကသမိုင်းမှတ်တိုင် တစ်ခုဖြစ်သော NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့သည့် နှစ်ပတ်လည်နေ့
အထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပခဲ့ပြီး NCA ပါလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်
ဖော်ခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အသစ်တစ်ရပ်ကို တည်ဆောက်၍
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရန်
တွန်းအားပေးနိုင်ခဲ့ပြီ ဖြစ်သည်။
တစ်နှစ်တာအတွင်း ငြိမ်းချမ်းရေးခရီးကို
ပြန်လည်သုံးသပ်ကြည့်ပါက မျှော်လင့်ချက်များ ပိုမိုခိုင်မာလာစေသည့် အခြေအနေများ ရှိနေသလို
ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည့် စိန်ခေါ်မှုများလည်း
ရှိနေသေးသည်ကို တွေ့ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေဖြင့်
နိုင်ငံတော် အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး
ပန်းတိုင်ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံရေးနှင့်ဆက်နွှယ်၍
ထိန်းသိမ်းခံထား ရသူများ လွတ်မြောက်ရေးဆောင်ရွက်
ဒီမိုကရေစီအစိုးရ
လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ စိတ်ရင်း
စေတနာ၊ မူဝါဒနှင့် လမ်းညွှန်မှုကို အကောင်အထည်ဖော်သည့်အနေဖြင့် နိုင်ငံရေး ဆက်နွှယ်၍ ထိန်းသိမ်းခံထားရသူများ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်အမှုရင်ဆိုင်နေရသော ကျောင်းသား
ကျောင်းသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။ ယခုကိစ္စနှင့် စပ်လျဉ်း၍
တစ်နိုင်ငံလုံးရှိ စစ်ဆေးဆဲအမှုများ၊ မြို့နယ်တရားရုံးအသီးသီးတွင် တရားစွဲဆိုထားသည့်
အမှုများ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း
စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ
(က) အရ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ဧပြီ ၁၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည့်
၈၃ ဦး အပါအဝင် ၂ဝ၁၆ ခုနှစ် မေလကုန်အထိ ထိန်းသိမ်းခံထားရသူ စုစုပေါင်း ၄၅၃ ဦးကို ပြန်လည်လွှတ်ပေး
နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအကြား ငြိမ်းချမ်းရေးအသိပျိုးထောင်
(က) ငြိမ်းချမ်းရေးစကားဝိုင်းများ
ကျင်းပခြင်း
ငြိမ်းချမ်းရေးရခြင်း၊
မရခြင်း၏အကျိုးဆက်ကို အများဆုံးခံစားရမည့်သူများမှာ အနာဂတ် မျိုးဆက်သစ်လူငယ်များဖြစ်သဖြင့်
မျိုးဆက်သစ်လူငယ်များအတွက် ရည်ရွယ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ လူငယ်များအား
တွေ့ဆုံ၍ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်
လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြည်ထောင်စုသားအားလုံးနှင့် သက်ဆိုင်သဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ်နှင့် တိုင်းရင်းသူ တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးသည့် ပင်လုံငြိမ်းချမ်းရေး
စကားဝိုင်း (Panglong Peace Talk) ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ပင်လုံမြို့၌
လည်းကောင်း ကျင်းပနိုင်ခဲ့သည်။ ဆက်လက်၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပါဝင်သည့်
ငြိမ်းချမ်းရေးစကားဝိုင်းသာမက ပြည်သူများ အကြားတွင်လည်း ငြိမ်းချမ်းရေးစကားဝိုင်းများ
ပေါ်ပေါက်လာစေရန်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။
(ခ) Peace
Process Orientation Course သင်တန်းများ ဖွင့်လှစ်ခြင်း
နှစ်ပေါင်းများစွာ
ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် တစ်ခုတည်းသော အဖြေသည် လက်ရှိမြန်မာနိုင်ငံနှင့်
လိုက်လျောညီထွေဖြစ်ပြီး ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ဖက်ဒရယ်စနစ်ဖြစ်ပြီး
ယင်းဖက်ဒရယ်စနစ်ကို ညှိနှိုင်းဆွေးနွေးနိုင်မည့် တစ်ခုတည်းသော နိုင်ငံရေးစကားဝိုင်းမှာ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖြစ်သည်။ သို့ဖြစ်၍ (၂၁) ရာစုပင်လုံ
ညီလာခံတွင် ပါဝင်ကြမည့် အစိုးရကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ၊
လုပ်ငန်းကော်မတီများ၊ ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် (၂၁)ရာစု ပင်လုံနှင့် ပတ်သက်၍
သိသင့်သိထိုက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုသိရှိ နားလည်ဆွေးနွေးနိုင်စေရန်
ရည်ရွယ်၍ Peace Process Orientation Course သင်တန်းကို အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန
(နေပြည်တော်) တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
ငြိမ်းချမ်းရေးဆိုင်ရာကူညီထောက်ပံ့မှုများကို
ညှိနှိုင်းဆောင်ရွက်ခြင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးအနေဖြင့်
ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သော ရန်ပုံငွေများအား
ပြည်တွင်းပြည်ပ အလှူရှင်များမှ ထည့်ဝင် နိုင်ရေးတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)
ဘဏ်ခွဲ၌ ငွေစုဘဏ်စာရင်း ဖွင့်လှစ်လက်ခံထားပြီး ပြည်တွင်း အလှူရှင်များက လှူဒါန်းသည့်
ငြိမ်းချမ်းရေး ရန်ပုံငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာဖြင့်
စနစ်တကျ သုံးစွဲခြင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ စာရင်း စစ်ဆေးမှုခံယူခြင်းများ
ဆောင်ရွက်ထား ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
အဆင်ပြေ ချောမွေ့စေရေးနှင့် အောင်မြင်စေရေးအတွက် လိုအပ်သော ရန်ပုံငွေများ ရရှိရေး၊
ရရှိလာသော ရန်ပုံငွေများကို မျှတညီညွတ်စွာ ခွဲဝေပေးနိုင်ရေး၊ ရန်ပုံငွေများ သုံးစွဲရာတွင်
ထိရောက်မှု ရှိစေရေးနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများကို စနစ်တကျ ခွဲဝေနိုင်ရေးအတွက်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint
Coordinating Body for Peace Process Funding-JCB) ကို ဖွဲ့စည်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်
ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည်။ ထူးခြားချက်မှာ JCB တွင် ပါဝင်သော အဖွဲ့ အစည်းများမှာ
NCA လက်မှတ်ရေးထိုးပြီး အဖွဲ့များသာမက NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့များပါ
ပါဝင်စေလျက် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။ လက်မှတ် ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အစည်း (၈) ဖွဲ့ ကိုယ်စားလှယ်များသာမက လက်မှတ်မထိုးရသေးသည့် UNFC ကိုယ်စားလှယ်များ၊
''ဝ'' နှင့် ''မိုင်းလား'' ကိုယ်စားလှယ်များလည်း ပါဝင်ပါသည်။ နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို
ညှိနှိုင်းဆွေးနွေး၍ ဆုံးဖြတ်ခြင်းကို ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ဆက်စပ်လျက် ဆောင်ရွက်နေ
ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏
မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌
ပြည်တွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြီးဆုံးသွားရေးအတွက်သာ
မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခ အပါအဝင် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသူများ အားလုံး၏သက်ဆိုင်ရာ
လူ့အသိုက်အဝန်းများအတွင်း တင်းမာမှု၊ မုန်းတီးမှုများနှင့် ရန်လိုမှုများအား အရင်းအမြစ်
အခြေခံများမှ စတင်ပြီး ဖြေရှင်းဆောင် ရွက်နိုင်ရေးနှင့် အသိုက်အဝန်းများအကြားတွင်လည်းကောင်း၊
တိုင်းရင်းသား ညီအစ်ကို များအကြားတွင် လည်းကောင်း ပြန်လည်သင့်မြတ်ရင်ကြားစေ့နိုင်ရေးနှင့်
လိုက်လျောညီထွေ အတူတကွ အေးချမ်းစွာယှဉ်တွဲနေထိုင် နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး
လုပ်ငန်းစဉ်ကိုပါ အလေးထားဆောင်ရွက် လျက်ရှိသည်။
''ရခိုင်ပြည်နယ်ဟာ
ရခိုင်ပြည်သူ ပြည်သားများအတွက်သာမက နိုင်ငံတစ်ဝန်း လုံးတည်ငြိမ်အေးချမ်းရေးအတွက်လည်း
အလွန်ကိုအရေးကြီးတဲ့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး၊ ယင်း
ဒေသမှာနေထိုင်ကြသူတွေရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အသိုက်အဝန်းများအကြား
သဟဇာတဖြစ်စေရေးတို့အတွက် ဘက်ပေါင်းစုံချဉ်းကပ် မှုနဲ့ အထူးအလေးထား ဆောင်ရွက်နေပါတယ်။
နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် ယန္တရားများကိုလည်း ဖွဲ့စည်းခဲ့ပြီး ဘက်စုံထောင့်စုံမှ
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်'' ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ်သည်
သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ကမ်းရိုးတန်းဒေသဖြစ်သော် လည်း အကြောင်းအမျိုးမျိုးကြောင့်
ရခိုင်တိုင်းရင်းသားများမှာ ၎င်းတို့၏ မွေးရပ်မြေကို စွန့်ခွာလျက် ရေကြည်ရာ မြက်နုရာ အရပ်များသို့
ထွက်ခွာသွား သဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံမှ နည်းမှန်လမ်းမှန် မဟုတ်ဘဲ ဝင်ရောက်လာသော
(Irregular Migration) ကြောင့်လည်းကောင်း ကျန်ရှိသည့် ရခိုင်တိုင်းရင်းသားများသည်
¤င်းတို့၏ မွေးရပ် မြေပေါ်မှာပင် လူနည်းစုများအဖြစ် ရပ်တည်နေသည့် အနေအထားကို အစိုးရသစ်အနေဖြင့်
အထူးသုံးသပ်လေ့လာမိသည့် အချက်ဖြစ်သည်။ အဆိုပါ အခြေအနေတို့အား ကျော်လွှားနိုင်ရန်နှင့်
ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကပင် အမြစ်တွယ်နေသည့် ပြဿနာများနှင့် စိန်ခေါ်မှုများအား
လက်တွေ့ကျကျ ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်
ရေးမှာ အစိုးရသစ်၏အဓိက ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင်
နိုင်ငံတော်မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး
အတွက် အလွန်အရေးကြီးလျက်ရှိရာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
မြှင့်တင်နိုင်ရန် ဘက်ပေါင်းစုံ ချဉ်းကပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး နားလည်မှုနှင့်
ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် ရေတို/ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ် အရေး ကိစ္စကို အထူးအလေးထား၍ အစိုးရတစ်ဖွဲ့လုံး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်လျက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြည်ထောင်စု အစိုးရတစ်ဖွဲ့လုံး
အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ် မေ ၃ဝ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအောက်တွင်
ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၄) ရပ်ကို ဖွဲ့စည်းခဲ့သည်။ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့်
မြေပြင်အခြေအနေမှန် များအား သိရှိစေရန်နှင့် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာမှုများ
ပြုလုပ်၍ အေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို
ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အရေးကိစ္စသည်
သိမ်မွေ့နက်နဲသော သဘောသဘာဝရှိရာ ယင်းကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်း ကောင်းများ
ရရှိရေးအတွက် အကြံပြုပေးနိုင်ရန်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ပြည့်စုံစွာ ဖြေရှင်းနိုင်ရန်
အစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများကို အထောက်အကူဖြစ်စေရေးတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့်
ကိုဖီအာနန် ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင် အနေဖြင့် ယခုနှစ် မတ် ၁၆ ရက်တွင် ကြားဖြတ်အစီရင်ခံစာကို
နိုင်ငံတော်အစိုးရထံ တင်သွင်းခဲ့ပါသည်။ ကော်မရှင်မှ မြေပြင်ကွင်းဆင်းလေ့လာမှုများ၊ စုံစမ်းဆွေးနွေးမှုများအပေါ်
အခြေခံ၍ နိုင်ငံတော်အစိုးရထံသို့ တင်သွင်းခဲ့သည့် အကြံပြုချက်များသည် ရေရှည်ကာလအတွက်
ဖြေရှင်းချက်များ ရှာဖွေရာတွင် အထောက် အကူဖြစ်စေမည်ဖြစ်သည်။
ယင်းသို့ အပြုသဘောလုပ်ဆောင်ချက်များ
လုပ်ဆောင်နေစဉ်မှာပင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ
နယ်ခြားစောင့် ရဲစခန်းများအား နိုင်ငံရပ်ခြားက ရန်ပုံငွေ ပံ့ပိုး လှုံ့ဆော်ပေးထားသော
လက်နက်ကိုင်များက အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်
တရား ဥပဒေစိုးမိုးရေး အတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ပြီး မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်
သတ်မှတ်ကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
ယခုအခါ ဒေသပြန်လည်တည်ငြိမ်မှု
ရရှိပြီဖြစ်၍ ယခင်ညမထွက်ရအမိန့်ကို ပြန်လည်လျှော့ပေါ့လိုက်ပြီး တပ်မတော်မပါဝင် တော့ဘဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသာ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မောင်တောဒေသရှိ
နှစ်ဖက်အသိုက်အဝန်းအား လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးခြင်းကိုလည်း အစိုးရက
ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
၂ဝ၁၇ ခုနှစ် အောက်တိုဘာ
၉ ရက်နှင့် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်မှုများ
ဖြစ်ပွားရသည့် နောက်ခံအကြောင်းရင်းများနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို စုံစမ်းစစ်ဆေးရန်နှင့်
ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များ ထွက်ပေါ်နေခြင်းတို့ကို
စုံစမ်းစစ်ဆေးရန်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍
ဖွဲ့စည်းဆောင်ရွက်လျက်ရှိ သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလဆန်းမှ
၂ဝ၁၇ ခုနှစ် မတ်လအတွင်း မောင်တောဒေသသို့ လေးကြိမ် တိုင်တိုင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည့်အပြင်
ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ
ပိုမိုတိုးတက်ကောင်းမွန်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကော်မရှင်အဖွဲ့ဝင်များက ၂ဝ၁၇
ခုနှစ် မတ် ၁၈ ရက်မှ ၂၂ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ခ်ဘဇားခရိုင်သို့ သွားရောက်စုံစမ်း
စစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုများ ပြုလုပ်၍ သက်သေခံ အထောက်အထား လက်မှတ်များရရှိစေရေးကို
အလေးထား ဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင် နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊
ဒေသဖွံ့ဖြိုးရေးတို့ကို အလေး ထားဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင် အခြေခံအဆောက် အအုံများ
ဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ
မြင့်မားစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ
အချိန်နှင့်တစ်ပြေးညီ သတင်းများထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း
ဖြစ်စဉ်များအပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေး
ညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း
ထုတ်ပြန်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်း၍ သတင်းဖြစ်ရပ်မှန်များကို
သတင်းမီဒီယာများ၊ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ
ထုတ်ပြန်ပေးလျက် ရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်
နိုင်ငံတစ်နိုင်ငံတွင်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့်ရင်းနှီး
မြှုပ်နှံမှု မြင့်မားတိုးတက်စေရေးတို့အတွက် အဂတိလိုက်စားမှုကင်းရှင်းရေးမှာ အဓိက အခြေခံကျသော
အချက်တစ်ရပ် ဖြစ်သည်။
နိုင်ငံတော်၏ အစိုးရယန္တရားအဖွဲ့အစည်းများ၌
အဂတိလိုက်စားမှု ကင်းစင်ပပျောက်စေရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့်
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေဖြင့် အစိုးရပိုင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏
အဂတိလိုက်စားမှု၊ မမှန်မကန်လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက် သည့် ပြည်သူလူထုထံမှ အသိပေးတိုင်ကြားစာများကို
မှတ်ပုံတင်စာ၊ ဖက်စ်၊ အီးမေးလ်တို့ဖြင့် လက်ခံ အရေးယူဆောင်ရွက်ခြင်း၊ ပြည်သူတို့၏ တင်ပြချက်များအပေါ်
အရေးယူဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော်သမ္မတရုံး နှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ သိရှိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပံ့ပိုးကူညီ အထောက်အကူပြုရန် ဖွဲ့စည်း ပေါ်ပေါက်လာသည့်
ဝန်ကြီးဌာနတစ်ခုဖြစ် သည်နှင့်အညီ အစိုးရသစ်၏ ပထမတစ်နှစ် တာကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏
လမ်းညွှန်ချက်ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို
အဓိကထား ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မူဝါဒများ အကောင်အထည်ဖော်ခြင်း၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏
လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအကြား
လိုအပ်သော ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
နိုင်ငံတကာအသိုင်းအဝိုင်း ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင်လည်း ပေါင်းစပ်ညှိနှိုင်းမှုများ
ဆောင်ရွက်လျက် ရှိပါသည်။ အစိုးရသစ်၏ ကျန်ရှိသည့် သက်တမ်းလေးနှစ်တာ ကာလတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ချမှတ်ပေးထားသည့် မူဝါဒများနှင့် လမ်းညွှန်ချက်များ အောင်မြင်စွာ အကောင်အထည်ပေါ် လာစေရန်အတွက်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနအနေဖြင့် တစ်တပ်တစ်အား ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
။

No comments:
Post a Comment