Saturday, April 1, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုကိုးကျွန်းဆိပ်ခံတံတားဖွင့်လှစ်ပေး

နေပြည်တော် မတ် ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် မတ် ၃ဝ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့သို့ရောက်ရှိပြီး ရေတပ်စခန်းဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံနှင့် ကိုကိုးကျွန်းပတ်လမ်းမှ ကြွက်ကျွန်းသို့ သွားသည့် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရေတပ်စခန်းဌာနချုပ်ရှိ အုန်းထွက်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများနှင့် ခင်းကျင်း ပြသထားသည့် အုန်းထွက်ပစ္စည်း၊ လက်မှုအလှဆင် ပစ္စည်းများကို ကြည့်ရှုသည်။
ထို့နောက် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများနှင့်ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး ဒေသခံပြည်သူများနှင့် ဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဇိနမာရဇိန်ဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၌ ကျောင်းထိုင် ဆရာတော် ဥူးအဂ္ဂဝံသအား လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနားကို အဆိုပါဆိပ်ခံတံတား၌ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းတို့က ဆိပ်ခံတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆိပ်ခံတံတားဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ဆိပ်ကမ်းဌာနမှ ကထိက ဒေါက်တာ ငြိမ်းဇင်လတ်က ဆိပ်ခံတံတား တည်ဆောက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆိပ်ခံတံတားနှင့်ပတ်သက်သော စာရွက်စာတမ်းများအား နယ်မြေခံရေတပ် သင်္ဘောကျင်းဌာနချုပ်မှူးထံ တာဝန်ရှိသူတစ်ဦးက လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆိပ်ခံတံတားဖွင့်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် လိပ်များအား ပင်လယ်အတွင်းသို့ လွှတ်ပေးကြသည်။
ယခုကဲ့သို့ ကိုကိုးကျွန်းဆိပ်ခံတံတား တည်ဆောက်ခြင်းဖြင့် ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၏ သွားလာရေး၊ ကုန်စည်နှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက် ကောင်းမွန်လာပြီး ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment