Friday, April 28, 2017

အများပြည်သူသုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် ဆေးဝါးများ သထုံတွင်မီးရှို့ဖျက်ဆီး




သထုံ    ဧပြီ    ၂၈
            ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ အများပြည်သူသုံးစွဲရန်မသင့်သည့်အတွက် စီမံခန့်ခွဲမှုနည်းလမ်းအရ သိမ်းဆည်း ထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ မှတ်ပုံတင် ထားခြင်းမရှိသည့် ဆေးဝါးများ နှင့်
မှိုဆိပ်လွန်ကဲစွာပါဝင်သည့် ငရုပ်သီးမှုန့်များ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၀၀ ကျော်ခန့်ကို ဧပြီလ ၂၈ ရက်၊ နံနက်က မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းဟောင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
            သထုံမြို့နယ် အတွင်းရှိ ဆေးဆိုင်၊ ကုန်စုံဆိုင်နှင့်အလှကုန်ဆိုင်များတွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ရာမှ သိမ်းဆည်းခဲ့သည့် အစားအသောက်၊ ဆေးဝါးများနှင့် တာဝန်သိသူများက လာရောက် အပ်နှံခဲ့သည်တို့ကို မီးရှို့ဖျက်ဆီးရခြင်းဖြစ်ကြောင်း မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာသင်းသင်းအိက ပြောသည်။
            “ဒီအစားအသောက်နဲ့ ဆေးဝါးတွေအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို ကျွန်မတို့ကော်မတီ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပြီဆိုတာ ပြည်သူတွေသိစေဖို့နဲ့ ဒါတွေရဲ့ အန္တရာယ်ကို သတိပြုမိပြီး သုံးစွဲတဲ့သူတွေကိုယ်တိုင် ရွေးချယ်ဝယ်ယူတတ်စေဖို့ ဒီလိုမီးရှို့ဖျက်ဆီးပွဲကို လုပ်ပေး တာပါ။ ကျွန်မတို့ကော်မတီက ပြည်သူလူထုအကြား အန္တရာယ်ကင်းရှင်းရေး ပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ် စစ်ဆေးတယ် ဒီလိုဖျက်ဆီးတာကို တစ်နှစ်တစ်ခါလုပ်တယ်။ လက်ရှိအချိန်အထိတော့ ပြည်သူလူထုသတိထားမှုက နည်းနေသေးတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
            အခမ်းအနားတွင် သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိက အစားအသောက်နှင့်ဆေးဝါးများ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခဲ့မှုများနှင့် မီးရှို့ဖျက်ဆီးရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများက သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ မှတ်ပုံတင် ထားခြင်းမရှိသည့် ဆေးဝါးများ စုစုပေါင်း ၂၁၆ မျိုး၊ ကာလတန်ဖိုး ငွေကျပ် ၁၁၁၉၆၁၅၇ နှင့် မှိုဆိပ်လွန်ကဲစွာပါဝင်သည့် ငရုပ်သီးမှုန့်မျိုးစုံ ၆ မျိုး၊ ကာလတန်ဖိုး ငွေကျပ် ၁၉၁၇၂၀ တို့အား အများပြည်သူသုံးစွဲရန် မသင့်သည့်အတွက် စုပေါင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။



သက်ဦး(သထုံ)

No comments:

Post a Comment