Friday, April 28, 2017

စိမ့်စမ်းရေသွယ်လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားကျေးရွာ၌ ပြုလုပ်




လွိုင်ကော်       ဧပြီ ၂၈
            ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၅၉)သန်းဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်သည့်
ဖဲလျားကျေးရွာနှင့် ထီးသဲကလိုးကျေးရွာတို့အား စိမ့်စမ်းရေသွယ်လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂၈)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားကျေးရွာမူလတန်းကျောင်း၌ ပြုလုပ်သည်။
            ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်က စိမ့်စမ်းရေသွယ်လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
            ဆက်လက်၍ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက စိမ့်စမ်းရေသွယ်လုပ်ငန်း ဆိုင်ရာမှတ်တမ်းများ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
            ယင်းနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်တာဝန်ရှိသူများက ဖဲလျားကျေးရွာ မူလတန်းကျောင်း၊ ရေဝေတိုင်အား စတင်ဖွင့်လှစ်ပေးပြီး စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်သည့် ဆက်စပ်ပစ္စည်း ပြသထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
            အဆိုပါဖဲလျားစိမ့်စမ်းရေသွယ်လုပ်ငန်းသည် ကျေးရွာ(၂)ရွာရှိ ပြည်သူ(၁၅၇၅)ဦး၊ ကျွဲနွား(၅ဝဝ)ခန့်အား သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး လုံလောက်စွာ ရရှိအောင်နှင့် အနည်းဆုံးနှစ်(၂ဝ)အထိ သုံးစွဲနိုင်အောင် တွက်ချက်ထားပြီး ငလျင်ဒဏ်၊ တောမီး အန္တရာယ်စသည့် သဘာဝဘေးဒဏ်များမှ ခံနိုင်ရည်ရှိသည့် ပစ္စည်းများ အသုံးပြုထားကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment