Sunday, April 30, 2017

မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး


ရန်ကုန် ဧပြီ ၂၉
မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်မှု ဟုဆိုရာတွင် ယနေ့တွင် မည်သည့်အတိုင်းအတာအထိ အဖြေရလဒ်များပေးနိုင်သည်ကို မသိသော်လည်း အပြန်အလှန် ဆွေးနွေးမှုများစွာရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယခုဆွေးနွေးခြင်းသည် အဖြေရလဒ်များ ထွက်ပေါ်မည်ဟု ယုံကြည်ကြောင်း၊ ရုပ်ရှင်လောကတိုးတက်ရေးကို အဓိက ခေါင်းစဉ်တင်ထားသော်လည်း ဆွေးနွေးမည့်အကြောင်းသည် ရုပ်ရှင်လောက၌ ပြောဆိုနေကြသည့် ရုပ်ရှင်လောက သားများက လွတ်လပ်စွာ ရိုက်ကူးတင်ဆက်ပြသ လိုသော်လည်း ဆင်ဆာအဖွဲ့က ဆောင်ရွက်ချက်များနှင့် အနည်းငယ် အငြင်းပွားနေမှုရှိကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွေးနွေး အဖြေရှာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုပ်ရှင်လောကသားများနှင့် ဆင်ဆာအဖွဲ့များက ယခုဆွေးနွေးပွဲကိုကျင်းပရေး အကြံပြုထားကြောင်း၊ ယခုဆွေးနွေးပွဲတွင် လွတ်လွတ် လပ်လပ်ဆွေးနွေးကြရန်နှင့် ထိုမှတစ်ဆင့် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ဆုံးဖြတ်ချက်များရရှိပါစေကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ အတွင်းရေးမှူး ဦးသိန်းနိုင်က ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများတွင် အငြင်းပွားဖွယ်ဖြစ်နေသည့် အပြော၊ အပြများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်တို့က ပြန်လည်ဆွေးနွေးကြသည်။
ယင်းနောက် ဦးသူရ(ဇာဂနာ)က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် ဖိတ်ခေါ်ရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဖေက မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပွဲမှရရှိလာသည့် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရုပ်ရှင် နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် သတင်းမီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment