Sunday, April 30, 2017

ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းနှင့် အဖွဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲသို့ တက်ရောက်



နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် အာဆီယံ ပါလီမန်များ ညီလာခံ (AIPA) အလှည့်ကျ ဥက္ကဋ္ဌ H.E. PANTALEON D. ALVAREZ၏ ဖိတ်ကြားချက် အရ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲ အတွက် အကြို ညှိနှိုင်း အစည်းအဝေး (AIPA Preparatory Meeting for the ASEAN-AIPA Leaders’ Interface) နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲ (ASEAN-AIPA Leaders’ Interface)သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့Ninoy Aquino အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့အား ဖိလစ်ပိုင် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် ဖိလစ်ပိုင် အောက်လွှတ်တော်မှ တာဝန်ရှိသူများက Ninoy Aquino အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် Makati Shangri-La Hotel  တို့တွင် လာရောက် ကြိုဆို နှုတ်ဆက်ကြသည်။
ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီတွင် ကျင်းပသည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲ အတွက် အကြို ညှိနှိုင်း အစည်းအဝေးသို့ AIPA အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပါလီမန် ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် အတူ တက်ရောက်ကြသည်။
ထို့နောက် ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် အာဆီယံ ပါလီမန်များ ညီလာခံ အလှည့်ကျ ဥက္ကဋ္ဌ၊ အာဆီယံ ပါလီမန်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ ပါလီမန်များ ညီလာခံ (AIPA) အထွေထွေ အတွင်းရေးမှူးချုပ်တို့နှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနေ့ ညပိုင်းတွင် ပြည်ထောင်စု လွှတ်တော် နာယကသည် ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် အာဆီယံ ပါလီမန်များ ညီလာခံ အလှည့်ကျ ဥက္ကဋ္ဌက တည်ခင်းသော ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည့် အကြိမ်(၃၀)မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီ တွေ့ဆုံပွဲ (ASEAN-AIPA Leaders’ Interface) သို့ တက်ရောက်သည်။
ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့သည်  ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် မလေးရှား လေကြောင်းဖြင့် မနီလာမြို့မှ ပြန်လည် ထွက်ခွာခဲ့ကြရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိသည်။
ပြည်ထောင်စု လွှတ်တော် နာယကနှင့် အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသား လွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဋ္ဌေးကြွယ်နှင့် တာဝန် ရှိသူတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment