Friday, April 28, 2017

ကြေးမုံသတင်းစာ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ


သတင်း - ရီရီမြင့်၊ မြတ်စန္ဒီ
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန်-ဧပြီ ၂၈
ကြေးမုံသတင်းစာကို သတင်းစာသမား လူငယ်၊ လူလတ်ပိုင်းများ တက်တက်ကြွကြွဖြင့် စုပေါင်းပြီး ထူထောင်ခဲ့ကြပါကြောင်း၊ မြန်မာ့သတင်းစာလောကတွင် တကယ်ပြောင်း လဲသွားသော သတင်းစာ တစ်စောင်အဖြစ် ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏   ကြေးမုံသတင်းစာ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် Sky Star ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက  ကြေးမုံသတင်းစာ၏ သမိုင်းကြောင်းကို ယနေ့ထုတ် ကြေးမုံသတင်းစာ၌ အချပ်ပိုအနေဖြင့် ဝေေ၀ဆာဆာဖော်ပြထားသည်ကို တွေ့ရ ပါကြောင်း၊   ထူထောင်စဉ်က အကြောင်းများသည် သတင်းသမားများ လောက၌ အင်မတန်ပြောစမှတ်ပြုစရာ သမိုင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ သမိုင်းကြောင်းကိုပြောရလျှင် သတင်း သမားများ အတွက် အင်မတန် အားတက်စရာ ဖြစ်ရပ်တစ်ခုအနေဖြင့် အမှတ် ရရှိကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
မိမိကိုယ်တိုင် သတင်းစာများကို စတင်ဖတ်ရှုလာတတ်ခဲ့သည့်အရွယ်မှစ၍ ကြေးမုံသတင်းစာကို စတင်ထိတွေ့ခဲ့ သည်ဟု အောက်မေ့ယူဆမိပါကြောင်း၊ ထိုအချိန်သည် သတင်းစာ အများအပြား ထွက်ရှိခဲ့သည့် ခေတ်ကာလ ဖြစ်ပါကြောင်း၊ ယင်းအချိန် ကာလတွင် ကြေးမုံသည် အထင်ရှားဆုံးသတင်းစာအဖြစ် ရှိခဲ့သည်ကို တွေ့ရပါ ကြောင်း၊ ယခုပြန်ကြည့်ချိန်တွင်လည်း ဟုတ်မှန်သည်ကိုတွေ့ရပါကြောင်း၊ ကြေးမုံသည် စောင်ရေ အများဆုံးဖြစ်ကာ ကျန်သည့်သတင်းစာ တော်တော်များများ ပေါင်းထားခြင်း ထက်ပင် ပိုများနေသည်ကို အကြမ်းဖျဉ်းတွေ့ရပါကြောင်း၊ ထိုစဉ်ကမှတ်မိသရွေ့ ကြေးမုံသတင်းစာတွင် ပင်တိုင်ဆောင်းပါးရှင် ဆရာ ဇ၀န အရေးအသားများကို မှတ်မိနေပါကြောင်း၊ ဆရာအောင်ရှိန်၏ ကြေးမုံခင်၊ ဆရာကြီး ဦးဖေသိန်းက နိုင်ငံရေးကာတွန်းများရေးသည်ကို မှတ်မိနေပါကြောင်း၊ မိမိနေထိုင်ရာ သံတွဲမြို့သို့ သတင်းစာများကိုလေယာဉ်ဖြင့် ပို့ဆောင်ပြီး ကြေးမုံသတင်းစာ သည် စောင်ရေ အများဆုံးပါရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက  ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ၁၉၆၂ ခုနှစ်ခန့်တွင် ပုဂ္ဂလိက သတင်းစာများ၏ လွတ်လပ်ခွင့်များ မှေးမှိန်သွားပြီး ယင်းနောက်ပိုင်းတွင် ကြေးမုံ သတင်းစာသည် အစိုးရသတင်းစာဖြစ်လာခဲ့ပါကြောင်း၊ ယနေ့ အစိုးရသတင်းစာ ဆိုခြင်းနှင့်ပတ်သက်ပြီး စဉ်းစားမိသည်မှာ   အစိုးရ သတင်းစာဟုပြောသည့်နေရာတွင် အဓိပ္ပါယ် အနည်းငယ် ကွဲလွဲမှုရှိပါကြောင်း၊ မိမိအထင် အစိုးရသတင်းစာစစ်စစ်သည် ၁၉၆၃-၆၄ ခုနှစ် လုပ်သား ပြည်သူ့နေ့စဉ်၊ Working People Daily တို့သည်သာ အစိုးရသတင်းစာ အာဘော် စစ်စစ်များ ဖြစ်သည်ဟု ယူဆပါကြောင်း။
ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတို့သည် ယနေ့ အစိုးရသတင်းစာဖြစ်နေခြင်းမှာ သမိုင်းကြောင်းအရ ဆက်လက် ပြောင်းလဲလာပြီး ဖြစ်ပေါ်လာသည်ဟုမြင်ပါကြောင်း၊ ပေါ်ထွန်းလာသည့် ရည်ရွယ်ချက်မတူညီသည်ကို ပြောကြား လိုခြင်းဖြစ်ပါကြောင်း။
သို့သော် နောက်ပိုင်း လုပ်သားပြည်သူ့နေ့စဉ်နှင့် working People Daily သတင်းစာတို့မရှိသည့်အခါ ကြေးမုံ/မြန်မာ့ အလင်းသတင်းစာတို့သည် အစိုးရ သတင်းစာကဲ့သို့ ဆောင်ရွက်နေပါကြောင်း၊ ယနေ့ခေတ်ရောက် လာချိန်တွင် ကြေးမုံ/ မြန်မာ့အလင်းသတင်းစာတို့ကို အစိုးရသတင်းစာဟုပြောကာ အစိုးရ၏ နိုင်ငံရေး ဆောင်ရွက် ချက်များကို အများပြည်သူကိုအသိပေးသည့် ကြားခံတစ်ခုဖြစ်သည်မှာမှန် သော်လည်း နဂိုမူလက ပေါ်ပေါက်ခဲ့သည့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတို့လို အာဘော်တစ်ရပ်ကိုဖြန့်ချိနေသည့် အနေအထား မဟုတ်ကြောင်းကို   ပြောလိုပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရသတင်းစာများ၏ ရပ်တည်ချက်များနှင့် စပ်လျဉ်း၍ ကြေးမုံသတင်းစာသည် ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်နေရသည့် သတင်းစာဖြစ်ပါကြောင်း၊    ကြေးမုံ သတင်းစာသည် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိရန် အစီရင်ခံသည့် အလုပ် လုပ်ရုံမက တိုင်းပြည်တွင် ဘာတွေဖြစ်ပျက်နေသနည်းဆိုသည်ကို ပြည်သူရော၊ အစိုးရ လုပ်သူများကိုပါ အသိပေးနေသည့်အလုပ် လုပ်နေပါကြောင်း၊ အစိုးရနှင့် ပြည်သူကြား ပေါင်းကူးသည့်အပြင် တိုင်းပြည်တွင် သတင်းအချက်အလက်အကြောင်းအရာများနှင့် ပတ်သက်၍ အများသူငါသိအောင် အသိပေးသည့်လုပ်ငန်းကို ပြန်ကြားရေးဆိုသည့်ဌာန တစ်ခုအနေဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ သို့သော်အစိုးရအဖွဲ့အစည်းက ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သာမန်အားဖြင့် အစိုးရသတင်းစာဟု လည်းပြော၍ ရပါကြောင်း၊ သို့သော်ဝါဒ တစ်ခုကိုဖြန့်ချိရန်အတွက် ယန္တရားတစ်ခုမဟုတ်သည်ကို  ပြောလိုပါကြောင်း။
ယနေ့သတင်းစာလောကကို ကြည့်ပါက အဖွဲ့အစည်းမှ သတင်းဖြန့်ချိရေး အတွက် အများပြည်သူအသိပေးရန် ထူထောင်နေသည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar  သတင်းစာတို့ ရှိသကဲ့သို့ ပုဂ္ဂလိကများအနေဖြင့် မိမိအယူအဆ၊ မိမိအမြင်အမျိုးမျိုးဖြင့် ဖြန့်ချိနေသည့်သတင်းစာများရှိပါကြောင်း။ အွန်လိုင်းဟု ဆိုရာတွင်လည်း သတင်းစာဟုပြော၍ရသည့် အလုပ်များကိုလုပ်နေကာ နာမည်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးတို့ဖြင့် တစ်ဦးချင်းအလျှောက် ထင်ရှား လျှင် ထင်ရှားသလို လူများက များများ ဖတ်ရှုနေသည့် သတင်းစာများကဲ့သို့ သက်ရောက် နေသည့်အနေအထားမျိုးများရှိပါကြောင်း၊ ဆိုလိုသည်မှာယနေ့သည် လွတ်လပ်စွာ ရှင်သန်နေသည့် ကာလဟု ပြောလိုပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြေးမုံ ၀ိုင်းတော်သူ ၀ိုင်းတော်သားများနှင့် အတူ အများပြည်သူအတွက် သတင်းအချက်အလက်အမှန်များ ဖြန့်ချိပေးနိုင်ရေး ဆိုသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်ရှိပြီး ယင်းသည် သမိုင်းအရ ဖြစ်ပေါ်လာသည့်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်တည်း၌ စာနယ်ဇင်းများ လွတ်လပ်စွာတည်ထောင်နိုင်ခွင့် ထုတ်လုပ်နိုင်ခွင့်များရှိသည့် ကာလဖြစ်ခြင်းကြောင့်  တစ်နေ့ ကြေးမုံ သတင်းစာ ကဲ့သို့ အင်မတန်ထင်ရှား သြဇာကြီးမားသည့် သတင်းစာထူထောင်နိုင်သည့် အခွင့်အလမ်းနည်းတူ မည်သည့် စာနယ်ဇင်းသမားများ မဆို အခွင့်အလမ်းရှိနေသည်ဟု မြင်ပါကြောင်း။
ထို့ကြောင့် ကြေးမုံကို သမိုင်းပြောင်းလဲမှုအားလျော်စွာ တာဝန်ယူထားရသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကြေးမုံသတင်းစာကို တင့်တောင့်တင့်တယ် သတင်းစာ အများပြည်သူယုံကြည်အားကိုးသည့်သတင်းစာဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်သလို အလားတူ ကြေးမုံသတင်းစာမျိုးပေါ်ပေါက်အောင် ဆောင်ရွက်မည့် လူငယ်များ၊ စာနယ်ဇင်းသမားများသည် ပေါက်မြောက်အောင်မြင်အောင် ထမ်းဆောင် နိုင်ကြပါစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကြေးမုံသတင်းစာ သမိုင်းကြောင်းကို Video Clip ဖြင့်ပြသပြီး ကြေးမုံသတင်းစာတိုက် တည်ထောင် ရာတွင် ပါဝင်ခဲ့သူ ဆရာကြီးဦးသော်က မုဒိတာ စကားပြောကြားသည်။
ဆက်လက်၍ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတိုက်တွင် စာတည်းမှူးချုပ် တာဝန်ယူခဲ့သူ ဦးရဲမြင့်ဖေ၊ ကြေးမုံသတင်းစာတိုက်တွင် စာတည်းမှူးချုပ် တာဝန်ယူ ခဲ့သူ ဦးမြင့်ဆွေ နှင့်  ဆောင်းပါးရှင် ဦးခင်မောင်ဌေး (ပညာရေး)တို့က မုဒိတာ စကားများပြောကြားကြသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသော ဧည့်သည်တော်များ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သတင်းစာဆရာကြီးများ၊ စာရေးဆရာများ၊ ဆောင်းပါးရှင်များနှင့် ကြေးမုံသတင်းစာ တိုက်မှ ၀ိုင်းတော်သူ ၀ိုင်းတော်သားများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ကြေးမုံသတင်းစာကို ၁၉၅၇ ခုနှစ် ဧပြီ ၁၆ ရက် တွင် စတင်ထုတ်ဝေ ခဲ့ ပြီး သတင်းစာဆရာကြီးများဖြစ်ကြသည့် ဦးသောင်း(အောင်ဗလ)၊ ဦးသိန်း(ဇ၀န)၊ ဦးခင်မောင်ရီ(စိန်ခင်မောင်ရီ)၊ ဟံသာဝတီဦးဝင်းတင်နှင့် ဦးသော်(ကြေးမုံ) တို့က စတင်ထူထောင်ခဲ့ကြသည်။
ကြေးမုံသတင်းစာသည် လန်ဒန်မှ ကမ္ဘာကျော် Daily Mirror သတင်းစာကြီး ကို အားကျအတုယူ၍ ထိုစဉ်ကာလ၌ ထွက်ရှိခဲ့သည့် သတင်းစာများနှင့်မတူအောင် ဆန်းသစ်သည့် အပြင်အဆင် တင်ပြပုံများဖြင့် စတင်ထုတ်ဝေ နိုင်ခဲ့သောကြောင့် ထိုခေတ်ကအောင်မြင်ကျော်ကြားသည့် သတင်းစာတစ်စောင် ဖြစ်ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်ထုတ်ဝေလျက် ရှိသည်။
ကြေးမုံသတင်းစာစတင်ထွက်ရှိသည့် ၁၉၅၇ ခုနှစ်ကစတင်၍ ဦးသောင်း (အောင်ဗလ)၊ ဦးသိန်း(ဇ၀န)၊ ဦးလှကွန်း(သခင်လှကွန်း)၊ ဦးစိုးညွန့်(ထီလာစစ်သူ)၊ ဦးတင်စိုး(သာဂဒိုး)၊ ဦးရဲတင့်၊ ဦးဇော်မင်းသိန်း၊ ဦးရဲမြင့်ဖေ၊ ဦးမြင့်ဆွေတို့က အယ်ဒီတာချုပ်(စာတည်းမှူးချုပ်)များအဖြစ် တာဝန်ယူခဲ့ကြပြီး လက်ရှိတွင် ဦးခင်မောင်ကျော်ဒင် က စာတည်းမှူးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment