သတင်း-ရီမြတ်သန့်
ဓာတ်ပုံ-ဇော်မင်းလတ်
ရန်ကုန် - ဧပြီ ၁
စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏
နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲကို
ယနေ့ နံနက် ပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်(ရန်ကုန်)
ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က ယခုအခမ်းအနားတွင်
စာရေးဆရာကြီး ဆရာမကြီးများက စာရေး ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ စာပေအကြောင်းများကို
ပြည့်ပြည့်စုံစုံ ဆွေးနွေး ကြမည်ဟု သိရှိရပါကြောင်း၊ ဤသည်မှာ ကောင်းမြတ်သည့် အစဉ်အလာ
တစ်ရပ်ဖြစ်ပါ ကြောင်း၊ စာပေဖွံ့ဖြိုးတိုးတက်ရန် လက်ရှိ ရှိနေသည့်စာပေ များကိုဝေဖန်ဆွေးနွေး
သုံးသပ်သည်များရှိသကဲ့သို့ ယခင်အဆက်ဆက်ကရှိခဲ့သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ စာရေးဆရာကြီး၊
ဆရာမကြီးများ စာပေများကို သုံးသပ်ဆွေးနွေးခြင်း သည်လည်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးကြီးသည့် အစဉ်အလာတစ်ခု ဖြစ်ပါကြောင်း။
ဂျာနယ်ကျော်မမလေး၏
ဝတ္ထု၊ အတ္ထုပ္ပတ္တိ၊ စာပေလှုပ်ရှားမှု အကြောင်းများကို ငယ်စဉ်ကပင် ဖတ်ရှုခဲ့ပါကြောင်း၊ စာရေးဆရာမကြီး
ဂျာနယ်ကျော် မမလေးသည် ၀တ္ထုအရေးအသားအလွန်ကောင်းပြီး မြန်မာနိုင်ငံ၌ ထိုအချိန်က စာပေလွှမ်းမိုးမှုအရှိဆုံး
စာရေးဆရာမကြီး တစ်ဦးဖြစ်ပါကြောင်း၊ စာရေးဆရာအသင်း၌လည်း
စာပေရေးရာ ဆိုင်ရာ များတွင် တက်တက်ကြွကြွလှုပ်ရှားခဲ့ပါကြောင်း၊ ယနေ့ခေတ်တွင် စာပေရေးရာ
လွတ်လပ်ခွင့်များ၏ အသီးအပွင့် များကို တွေ့ကြုံရသည့် အချိန်ကာလကို ရောက်ရှိပြီဖြစ်ပါကြောင်း၊
စာပေအနုပညာဖန်တီးသူများအဖို့ လွတ်လပ် စွာဖန်တီးနိုင် သည့်အချိန်ကာလဖြစ်သည့် အားလျော်စွာ
မိမိလိုချင်သည့်ပုံစံမျိုးကို ဖန်တီးဆောင်ရွက် ကြရန် အကြံပြုလိုပါကြောင်း၊ မြန်မာစာပေနယ်ပယ်
ယခုကဲ့သို့ ပွားများ စည်ပင်အောင် စာပေလှုပ်ရှားမှုများကို အစွမ်းကုန်ကူညီဆောင်ရွက် ပေးသွားမည်
ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆရာမောင်ခင်မင်(ဓနုဖြူ)၊
ဆရာထက်မြက်၊ ဆရာမကြူကြူသင်းနှင့် ဆရာမောင်မိုးသူတို့က စာရေးဆရာ မကြီး ဂျာနယ်ကျော်မမလေးနှင့်စပ်လျဉ်း၍
အမှတ်တရစကားများ ပြောကြားကြသည်။
ယင်းနောက် စာရေးဆရာမကြီး
ဂျာနယ်ကျော်မမလေး မိသားစုကိုယ်စား ဦးသိမ်းစိုး(သိမ်းစိုး-သီဟရတနာ စာပေ တိုက်) က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော စာရေးဆရာ ဆရာမများ၏ဓာတ်ပုံများ၊
ဂျာနယ်ကျော် စာစောင်များ၊ မြန်မာ့ဆေးပညာမှတ်တမ်း၊ ဂျာနယ်ကျော်မမလေး၏ မှတ်တမ်းဓာတ်ပုံ
များနှင့် ရေးသားခဲ့သော စာအုပ်များကို လှည့်လည်ကြည့်ရှုသည်။
စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးကို
၁၉၁၇ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ကမကလူရွာတွင် မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ် ဧပြီ ၆ ရက်၊ အသက် ၆၅ နှစ်အရွယ်တွင်
ကွယ်လွန်ခဲ့သည်။
ဂျာနယ်ကျော်မမလေးသည်
ဝတ္ထုတိုပေါင်း ၁၀၀ ခန့်၊ ၀တ္ထုရှည် ၁၃ ပုဒ်၊ ခရီးသွားမှတ်တမ်း ၂ ပုဒ်၊ အထွေထွေ ဆောင်းပါး
၁၀၀ ကျော် ရေးသားခဲ့ပြီး ၎င်းတို့အနက် “မြက်ကလေးတစ်ပင်” ၀တ္ထုကို ဂျာမန်ဘာသာ၊ “တွေးတစိမ့်စိမ့်”
ဝတ္ထုကို ရုရှားဘာသာ၊ “သွေး”၀တ္ထုကို ဂျပန်နှင့် ထိုင်းဘာသာ၊ “မုဆိုးမ”၀တ္ထုကို အင်္ဂလိပ်
ဘာသာ၊ “မုန်း၍မဟူ”၀တ္ထုကို ရုရှား၊ ဥဇဘတ်၊ ပြင်သစ်နှင့် တရုတ်ဘာသာ၊ “သူလိုလူ” ၀တ္ထုကို
အင်္ဂလိပ်ဘာသာတို့ဖြင့် ဘာသာပြန်ဆိုခြင်းခံရသည်။
ဂျာနယ်ကျော်မမလေးသည်
၁၉၅၅ ခုနှစ်တွင် “မုန်း၍ မဟူ” ၀တ္ထုရှည် စာပေဗိမာန်ဆု၊ ၁၉၆၃ ခုနှစ်တွင် “တွေးတစိမ့်စိမ့်”
ဝတ္ထု စာပေဗိမာန် အနုပညာ စာပေဆု၊ ၁၉၆၃ ခုနှစ်တွင် ၀တ္ထုတိုပေါင်းချုပ်တတိယဆုနှင့် ၁၉၇၉
ခုနှစ်တွင် “သွေး” ၀တ္ထုဖြင့် ဘာသာပြန်စာပေ ပထမဆုတို့ကိုရရှိခဲ့သည်။
အဆိုပါအခမ်းအနားကို
ယနေ့မှ ဧပြီ ၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မောင်ခင်မင်(ဓနုဖြူ)၊
မောင်မိုးသူ၊ ထက်မြက်၊ ကြူကြူသင်း၊ ကြည်မင်း၊ ကြည်ရွှန်း၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ အောင်ဇင်မင်း၊
နှင်းဝေငြိမ်း၊ မီမိုး၊ မာန်(တောင်လုံးပြန်)၊ လေးကိုတင်၊ ဇာဂနာ၊ ကြည်စိုးထွန်း၊ ဗိုလ်ကလေး
တင့်အောင်၊ စံရွှေမောင်နှင့် မျိုးသန္တာထွန်းတို့က ပါဝင်ဆွေးနွေးကြမည် ဖြစ်ပြီး ခေတ်အဆက်ဆက်
မြန်မာစာရေးဆရာ ဆရာမများ၏ ပုံတူပန်းချီ ဓာတ်ပုံ ၃၀၀ ကျော်များ ပြသခြင်း၊ စာပေ၊ ဂီတ၊
ရုပ်ရှင် နယ်ပယ်တို့မှ ပညာရှင်များက ဟောပြော ဆွေးနွေးခြင်းနှင့် ဂျာနယ်ကျော်စာစောင်များ
၊ ဂျာနယ်ကျော်မမလေး၏ ၀တ္ထုမှတ်တမ်း ရုပ်ရှင်များ ပြသသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း
သိရသည်။

No comments:
Post a Comment