Saturday, April 1, 2017

တပ်မတော် (ရေ) ၏ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်

နေပြည်တော် မတ် ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ) ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ ပြုလုပ်သည့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield 2017) ကို တာဝန်ရှိသူများနှင့်အတူ အကဲကြည့်စစ်ရေယာဉ် အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှုအားပေးကြသည်။

တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs) တပ်ဖွဲ့ဝင်များက ရန်သူများစီးနင်းထားသည့် ခရီးသည် တင်ကုန်သွယ်ရေယာဉ်တစ်စင်းအား အမြန်သွားကင်းလှည့် တိုက်ခိုက်ရေးရေယာဉ်လေးစီး၊ ရဟတ်ယာဉ် သုံးစင်းဖြင့် ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခံ ဓားစာခံများအား ကယ်ဆယ်ခြင်းလေ့ကျင့်ခန်းကို ဆောင်ရွက်သည်။
ထို့နောက် စစ်ရေယာဉ် အောင်ဇေယျပေါ်၌ ရဟတ် ယာဉ်တက်၊ ဆင်းခြင်း လေ့ကျင့်ခန်းကို ပြုလုပ်ပြီး ရေတပ် စစ်နည်းဗျူဟာအရ ရေပြင်ရန်ကာကွယ်ရေးစစ်ဆင်မှု လေ့ကျင့်ခန်းကို ဆက်လက်ဆောင်ရွက်သည်။
ယနေ့ပြုလုပ်ခဲ့သည့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield 2017) သည် (၄)ကြိမ်မြောက် လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ရေယာဉ်မျိုးစုံ ၂၈ စင်းနှင့် ရဟတ်ယာဉ်များ၊ အရာရှိ၊ စစ်သည်အင်အား ၁၄ဝဝ ကျော် ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment