Friday, March 31, 2017

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၃၁
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်ရိုးညွန်းတမ်းများ ပြန်လည်စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ပြီး ယင်း အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ စတင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ အခမ်းအနားကို ဖွင့်လှစ်တဲ့အခါမှာ အားလုံး ကြွရောက်လာတဲ့ ဧည့်သည်တော်များကို နှုတ်ခွန်းဆက်ကြိုဆိုပါတယ်။ အာရောဂျံ ပရမံ လာဘံ ကျန်းမာရေး သည် အကောင်းဆုံး လာဘ်လာဘ ဖြစ်တယ်လို့ ကျွန်မပြောလေ့ ရှိပါတယ်။ ကျွန်မပြောချင်တာက ပြည်သူများရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခု အတွက်လည်း အကောင်းဆုံး လာဘ်လာဘ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လာဘ်လာဘလို့ ပြောတဲ့အခါမှာ အများကပေးတဲ့ လွယ်လွယ်နဲ့ ရတဲ့ လာဘ်လာဘမျိုး မဟုတ်ဘဲနဲ့ ဥာဏ်ပညာ၊ ၀ီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ စနစ်တကျရယူတဲ့ ဆုလာဘ်မျိုးပဲ ဖြစ်ရပါမယ်။ ဒီလို အတွေးအခေါ်နဲ့ ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲထားတာပါ။ စိတ်ကူးယဉ်နဲ့လည်း မဟုတ်ဘူး၊ ယေဘုယျအားဖြင့်လည်း မဟုတ်ဘူး။ တစ်နှစ်ပြီးတစ်နှစ် ဘယ်လို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ ရေးဆွဲထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ပြည်သူပြည်သားများရဲ့ ကျန်းမာရေးဟာ အင်မတန်မှပဲ အရေးကြီး ပါတယ်။
သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့တဲ့ မေမေဟာ အမြဲပဲပြောလေ့ရှိပါတယ်။ ကျန်းမာမှ။ မကျန်းမာရင် ဘာမှလုပ်လို့မရဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနာပြု ဆရာမ တစ်ဦးအနေနဲ့ အင်မတန်မှ ဥာဏ်ရယ် အလုပ်ရယ် အကိုင်ရယ် ဓနအင်အားရယ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကျန်းမာရေး ပျက်စီးယိုယွင်းသွားတဲ့အခါ ဘာစွမ်းရည်မှ မရှိတော့ဘူး ဆိုတာကို ကိုယ်တိုင်မြင်ခဲ့လို့ပါ။ ဒါကြောင့်မို့ ကျန်းမာရေးကို အင်မတန်မှ အလေးထားခဲ့ပါတယ်။ ပြည်သူပြည်သားများရဲ့ ကျန်းမာရေးဟာ ကျွန်မတို့နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတစ်ခုဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။ ဒါကြောင့် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျွန်မတို့အားလုံး ၀ိုင်းပြီးကြိုးစားရမှာပါ။ အခု ကျွန်မတို့ရဲ့ အမျိုးသား ကျန်းမာရေးစီမံကိန်းဟာ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းမျိုး ဖြစ်ပါတယ်။ ပြည်သူကို အခြေပြုတဲ့ စီမံကိန်းဆိုတော့ ကျန်းမာရေးဟာ အိမ်တွင်းကနေစတယ် ဆိုတဲ့အမြင်နဲ့ ကျွန်မတို့ ဆက်သွားဖို့ လိုပါတယ်။ ဆေးရုံရောက်မှ ကျန်းမာရေး ကုသမှုယူရတာမဟုတ်ပါဘူး။ ကိုယ့်အိမ်တွင်းထဲကနေပြီးတော့ ကျန်းမာရေးကို ဂရုစိုက်သွားရမှာဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တဲ့သူနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူဆိုပြီး ကျွန်မတို့ ခွဲခြားပြီးတော့ မြင်ပါတယ်။ ဒါပေမယ့် တကယ်တော့ အဲ့လိုခွဲခြားလို့တော့မရပါဘူး။ တချို့ပြောကြပါတယ်။ တကယ်ကုတာက ဆရာဝန် တွေက ကုတာမဟုတ်ပါဘူး။ လူနာက ကိုယ့်ကိုကိုယ် ကုရတယ်။ ဆရာဝန်တွေက လမ်းပြရုံပဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါလည်း မှန်ပါတယ်။ ဆရာဝန်တွေက၊ ကျန်းမာရေးနဲ့ပတ်သက်လို့ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေက ပညာပေးပြီးတော့ လမ်းပြဖို့ပါ။ ပြည်သူပြည်သားများဟာ ကိုယ်ရဲ့ ကျန်းမာရေးအတွက် ကိုယ့်ဟာကို တာဝန်ယူရပါမယ်။ ဒီလို ကိုယ့်ကိုကိုယ် ကျန်းမာရေးအတွက် တာဝန်ယူနိုင်တဲ့ အခြေအနေရောက်အောင်လို့ ကျွန်မတို့ရဲ့ အမျိုးသားစီမံကိန်းကို ရေးဆွဲထားတာ လို့ ကျွန်မအနေနဲ့ နားလည်ပါတယ်။
မိခင်ရဲ့ဝမ်းထဲကနေမှ စပြီးတော့ ကျွန်မတို့ ကျန်းမာရေးဂရုစိုက်မှုက အထူးပဲ အရေးကြီးပါတယ်။ ငယ်ငယ်တုန်းက ကျန်းကျန်းမာမာနဲ့ မွေးမြူလာတဲ့ ပြုစုထားတဲ့ ကလေးများဟာ ကြီးလာတော့လည်း ပိုပြီးတော့ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဥာဏ်ရည်လည်း ကောင်းပါတယ်။ အဖက်ဖက်ကနေပြီးတော့ နိုင်ငံအတွက်လည်း အကူအညီ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးနှင့်ပတ်သက်လို့ရှိရင် အားလုံးဝိုင်းပြီးတော့ လုပ်ဖို့လိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံအတွင်းကနေ မဟုတ်ဘဲ ပြင်ပက မိတ်ဆွေများဆီကလည်း ကူညီထောက်ပံ့မှုတွေ အများကြီးရပါတယ်။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင်စွမ်းမှလည်း ကိုယ့်ကို ကူညီချင်တဲ့စိတ်တွေ ဖြစ်လာမှာဖြစ်ပါတယ်။
ကျွန်မက ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့အနေနဲ့တောင်မှ ဂုဏ်ယူတဲ့ ရောဂါသုံးခု တိုက်ဖျက်ရေး ကိစ္စမှာ ကျွန်မတို့ရဲ့နိုင်ငံက တိုးတက်မှုရှိလို့၊ အောင်မြင်မှုရှိလို့၊ ပိုမိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ ပံ့ပိုးချင်တဲ့စိတ်တွေ ဖြစ်လာပါတယ်။ လက်တွေ့ကျကျနဲ့ ပံ့ပိုးဖို့ အစီအစဉ်တွေကို အခုအကောင်အထည်စပြီး ဖော်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ့်ကိုကိုယ် ကူညီနိုင်မှလည်း တစ်ခြားသူတွေက ကျွန်မတို့ကို ကူညီချင်မှာဖြစ်ပါတယ်။ အခုကျွန်မတို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များဟာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အင်မတန်မှများပါတယ်။ ကျွန်မတို့ရဲ့ ဘဏ္ဍာ အခြေအနေကတော့ အကန့်အသတ်နဲ့ရှိပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ ပြည်သူပြည်သားများကို အကောင်းဆုံး ကျန်းမာရေးပေးနိုင်ဖို့အတွက် ဦးတည်ပြီးတော့ ဒီစီမံကိန်းကို ရေးဆွဲထားတာပါ။ ငွေရေးကြေးရေးနဲ့ ရေးဆွဲထားတဲ့ စီမံကိန်းမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ စီမံကိန်းပဲ ကျွန်မတို့ ဆွဲထားတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီးဟာ ပြည်သူကို အခြေပြုတဲ့ ကျန်းမာရေး ဘက်မှာ အထူးသဖြင့် အားသန်တာကြောင့်မို့ ကျွန်မတို့အတွက်ရထားတဲ့ လာဘ်လာဘ တစ်ခုပဲလို့ ကျွန်မကပြောချင်ပါ တယ်။ အဲ့ဒါကြောင့် ဦးဆောင်မှု ကောင်းလို့ရှိရင် နောက်လိုက်တွေကလည်း ကောင်းဖို့လိုပါတယ်။
ကျွန်မတို့ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၀န်ထမ်းများအားလုံးဟာ ၀န်ကြီးရဲ့ဦးဆောင်မှုနဲ့ ၀ိုင်းဝန်းပြီးတော့ ပြည်သူများရဲ့ ကျန်းမာရေး တိုးတက်ဖို့အတွက် လုပ်ဆောင်သွားကြမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ လူတိုင်း လက်လှမ်းမှီတဲ့ ကျန်းမာရေးကို ဦးတည်ပါတယ်။ လူတိုင်းလည်း လုပ်နိုင်တဲ့ ကျန်းမာရေးဆိုတော့ အထူးဂရုစိုက် လိုတာ ကတော့ ကျွန်မတို့ရဲ့ ကျေးလက်တောရွာနေတဲ့ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ အများသိတဲ့အတိုင်းပါပဲ။ ကျွန်မတို့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကျေးလက်တောရွာဘက်မှာ နေတာပါ။ မြို့တွင်းမှာနေတာ မဟုတ်ပါဘူး။ ကျေးလက် တောရွာမှာနေတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ဦးစားပေးဖို့ ဒီစီမံကိန်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
ကျွန်မတို့ ပြည်သူတွေရဲ့ စွမ်းရည်တွေကိုမြှင့်တင်ပေးဖို့ အမြင့်ဆုံးမြှင့်တင်နိုင်အောင် ရေးဆွဲထားပြီးဖြစ်ပါတယ်။ ကျွန်မတို့ က ဒီလိုကျန်းမာရေးအတွက် ကြိုးစားတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုထဲနဲ့လည်း မပြီးပါဘူး။ အခြားဝန်ကြီးဌာန တွေကလည်း ၀ိုင်းဝန်းပြီး ကူညီပေးဖို့ရာ အင်မတန်မှ လိုအပ်ပါတယ်။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာန အသီးသီးကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ရဲ့ ကဏ္ဍကလည်း အင်မတန်မှ အရေးကြီးပါတယ်။ လွှတ်တော်ရဲ့ကဏ္ဍက အရေးကြီးတယ်ဆိုတာ ကျွန်မတို့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်လို့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေကို ပြဋ္ဌာန်းတဲ့နေရာမှာ လွှတ်တော်ရဲ့ အကူအညီလည်း လိုပါတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ကဏ္ဍကလည်း အင်မတန်မှ အရေးပါပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်သူပြည်သားများ ကျန်းမာရေး ကောင်းဖို့ ဆိုတာဟာ အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။
စောစောက ကျွန်မ ပြောသလိုပေါ့ ကျန်းမာရေးကောင်းဖို့ ဆိုတာက မိခင်ဝမ်းထဲမှာရှိကတည်းက အစကတည်းက မိခင်တွေကို စပြီးတော့ ပညာပေးရမှာပါ။ လေ့လာဆန်းစစ်မှုအရ ဆိုလို့ရှိရင် ပညာတတ်တဲ့ မိခင်များရဲ့ သားသမီးများ လည်း ပိုပြီးတော့ ကျန်းမာရေး ကောင်းတယ်ဆိုတာကို တစ်ကမ္ဘာလုံးက သုတေသနကနေပြီးတော့ ပြခဲ့ပါတယ်။ မိခင်ဟာ ကျောင်းပညာကို ဘယ်အဆင့်ထိ သင်ခဲ့တယ်ဆိုတာကို အခြေခံပြီးတော့ သားသမီးများရဲ့ ကျန်းမာရေးဟာ ကောင်းတတ် တယ်ဆိုတာကို ကျွန်မတို့ တွေ့ရှိခဲ့ရ ပါတယ်။ ပညာရေးအစဟာ မိခင်များရဲ့ ပညာရေးက စတာပါ။ မိခင်မဖြစ်ခင် ကလေးများရဲ့ ပညာရေးနဲ့စတာပါ။ တစ်သက်လုံး ကျန်းမာရေးရဲ့ ပညာတွေကို သင်ခဲ့ရတဲ့ ပြည်သူပြည်သားများဟာ ကျန်းမာသန်စွမ်းတဲ့ သားသမီးတွေကို မွေးဖွားပြီးတော့ ပြုစုပျိုးထောင်နိုင်တဲ့ အရည်အချင်းတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးဘက်ကလည်း အရေးကြီးပါတယ်။ တစ်ခြားဘက်ကလည်း အများကြီး အရေးကြီးပါတယ်။ စီးပွားရေး ဆိုတာကလည်း ကျွန်မတို့ ကျန်းမာရေး၊ ပညာရေးနဲ့ ခွဲခြားလို့မရပါဘူး။
ကျွန်မတို့နိုင်ငံက စီးပွားရေး တောင့်တင်းမှုရှိမှလည်း လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေကို ကျွန်မတို့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားကျန်းမာရေး စီမံကိန်းအောင်မြင်ဖို့ဆိုတာဟာ အစိုးရအဖွဲ့ထဲမှာရှိနေတဲ့ ကျွန်မတို့ ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီးသာမက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့အစိုးရများကလည်း တာဝန် တစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ထောက်ပံ့ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေ ပေါ့နော်။ အဲဒီတုန်းကတော့ ကလေးများ အရေးပေါ်ရန်ပုံငွေလို့ ခေါ်ပါတယ်။ အဲ့ဒီ ရန်ပုံငွေကနေပြီးတော့ ကလေးများကို နို့မှုန့်ဝေတာကို ကျွန်မမှတ်မိပါတယ်။ ကျွန်မတို့ နိုင်ငံက အဲဒီတုန်းက စစ်ပြီးခါစ ဖြစ်ပေမယ့်လည်း ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး အခြေအနေက ကျောင်းက ကလေးတွေဟာလည်း နို့မှုန့် မှန်မှန်ရတာကြောင့် ကျန်းကျန်းမာမာနဲ့ ထွားကျိုင်း မှန်ကန်မှုကိုလည်း ရရှိခဲ့ပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ကျွန်မတို့နိုင်ငံမှာ အများကြီး လုပ်ပေးခဲ့ပါတယ်။ ငယ်ငယ်ကတည်းက မှတ်မိတဲ့ အရွယ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကို ကျွန်မပြောပြတာပါ။ အခု တစ်နှစ်ထက် တစ်နှစ် ဒီလို ပူးပေါင်း ဆောင်ရွက်မှုတွေဟာလည်း တိုးတက် သွားလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကနေပြီးတော့ ပေးတဲ့ အကူအညီတွေကို ထိုက်ထိုက်တန်တန် သုံးနိုင်မှလည်း ပိုပြီးတော့ ပေးချင်တဲ့စိတ်တွေ ဖြစ်မှာပါ။ ပိုပြီးတော့ ပေးသင့်တဲ့အနေအထားကို ကျွန်မတို့ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အမျိုးသားကျန်းမာရေး စီမံကိန်း ဟာ ကျွန်မတို့ပြည်သူပြည်သား များရဲ့ ကျန်းမာရေးအတွက်ဖြစ်သလို ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး အတွက် လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူပြည်သားများဟာ ကျန်းမာတဲ့အခါကျလို့ရှိရင် လုပ်ရည် ကိုင်ရည်ဟာ တက်လာတယ်။ လုပ်ရည် ကိုင်ရည်ဟာ တက်လာတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက်ကို အများကြီး ပံ့ပိုးနိုင်ပါတယ်။ နိုင်ငံ့ရဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုတာဟာ နိုင်ငံရဲ့တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူပြုပါတယ်။ နိုင်ငံက တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်ဆိုလို့ရှိရင် ကမ္ဘာကလည်း လေးစား တယ်၊ ပိုပြီးတော့ ကျွန်မတို့ကို ၀ိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးချင်တဲ့စိတ်ဓာတ် တွေကလည်း များပြားလာပါတယ်။ ဒါကြောင့် ဒီအမျိုးသားရေး ကျန်းမာရေးစီမံကိန်းဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်ဆိုတာကို အားလုံးလည်း သဘောပေါက်စေချင်ပါတယ်။
ကျန်းမာရေး ကုသမှုပေးလိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ၊ ကိုယ်ကျန်းမာရေးကုသမှု ပေးလိုက်တဲ့ လူနာများဟာ ဘယ်လောက်ထိ နိုင်ငံကို ပံ့ပိုးနိုင်မလဲဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ မရပါဘူး။ ဒါပေမယ့်လည်း အမြဲပဲ လူနာတွေကို ပံ့ပိုးမှုပေးတဲ့အခါမှာ၊ ပြုစုတဲ့အခါမှာ ကိုယ်ပြုစုပေးလိုက်တဲ့ လူနာတစ်ယောက်ဟာ တစ်နေ့တစ်ချိန် အခါမှာ ကိုယ့်နိုင်ငံကို အင်မတန်မှ ကျေးဇူးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးကိုတော့ အမြဲခေါင်းထဲမှာ ထားစေချင်ပါတယ်။ ကျန်းမာရေးပေးတဲ့ပုဂ္ဂိုလ်များဟာ တကယ့်ကို အကျင့်သိက္ခာနဲ့ ပြည့်စုံနေဖို့လိုပါတယ်။ တကယ့်ကို စေတနာအရင်းခံ ပြီးတော့ မိမိတို့ရဲ့အလုပ်ကို လုပ်ဆောင်ဖို့လိုပါတယ်။
ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကျွန်မတို့က အဆင့်အတန်းခွဲတာမဟုတ်ဘဲ အင်မတန်မှ အဆင့်မြင့်တဲ့ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေသာ အရေးကြီးတာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ထိတွေ့မှုရှိနေတဲ့ သူနာပြုဆရာမများ၊ ၀မ်းဆွဲ ဆရာမများဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအခြေခံကျန်းမာရေးပြုစုမှုပေးတဲ့ ကျွန်မတို့ရဲ့ဝန်ထမ်း များဟာ ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးအတွက် ပံ့ပိုးမှု ပေးနိုင်ပါတယ်။ ကျွန်မတို့ ကျေးလက် တောရွာတွေမှာဆိုလို့ရှိရင် ၀မ်းဆွဲ ဆရာမတွေကို အဓိက အားကိုးရတယ်ဆိုတာ အများသိရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကျန်းမာရေး ၀န်ကြီးဌာန ကဆိုလို့ရှိရင် အခု ဒီလို ကျန်းမာရေးဝန်ထမ်းတွေကို သေသေချာချာ ပညာပေးပြီးတော့ သေသေချာချာ လေ့ကျင့်ပေးဖို့ ဦးစားပေး လုပ်ဆောင်နေတယ်ဆိုတာလည်း ကျွန်မတို့ သိရလို့ အင်မတန်မှ အားတက်ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေလည်း အားတက်စရာ ဖြစ်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
ကျန်းမာရေးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေးဆိုတာဟာ တခြားဆက်စပ်မှုတွေထဲမှာ ပညာရေးနဲ့ပဲ ယှဉ်လို့ရပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများဟာ ပညာအရ၊ ကျန်းမာရေးအရ အားသန်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ဘာကိုမှ စိုးရိမ်ဖို့ မလိုပါဘူး။ ဘယ်လို စိန်ခေါ်မှုမျိုးမဆို ကျွန်မတို့ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ပညာတတ်တဲ့ ပြည်သူပြည်သားများဟာ၊ ကျန်းမာတဲ့ပြည်သူပြည်သားများဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာလား၊ မတိုးတက်ဘူးလားဆိုတာ ကျွန်မတို့နိုင်ငံရဲ့ ကျန်မာရေး၊ ပညာရေး အခြေအနေကိုကြည့်ပြီးတော့ ကျွန်မတို့ဆုံးဖြတ်လို့ရပါတယ်။
တစ်ချိန်တစ်ခါတုန်းကဆိုလို့ရှိရင် မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးကနေပြီးတော့ လေးစားရတဲ့ အကြောင်းအရင်းတစ်ခု ကတော့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို အလေးထားပြီး အောင်မြင်အောင်လုပ်နိုင် ခဲ့လို့ပါပဲ။
ကျွန်မတို့နိုင်ငံဟာ တကယ်တော့ ရုပ်ပိုင်းအရ ချမ်းသာတယ်ဆိုတဲ့ အဆင့်ကို ဘယ်တုန်းကမှ မရောက်ခဲ့သေးပါဘူး။ ကျွန်မတို့ အခုသွားနေတဲ့ လမ်းကနေပြီးတော့ ရောက်သွားမယ်လို့ယုံကြည်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာ တဲ့ အဆင့်ကို မရောက်သေးတဲ့ ကာလတုန်းကတောင်မှ ကျွန်မတို့နိုင်ငံဟာ အင်မတန်မှ ကမ္ဘာက လေးစားခဲ့ရတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်းကို ကျွန်မတို့မြှင့်တင်နိုင်ခဲ့လို့ပါပဲ။ အရည်အချင်းကို မြှင့်တင်တဲ့နေရာမှာ ပညာရေးနဲ့ ကျန်းမာရေးဟာအဓိက ဖြစ်ပါတယ်။
ကျွန်မတို့အခု ဒီစီမံကိန်းကို မြန်မာပြည် တစ်ဝှမ်းလုံးမှာ အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်ဖို့တွက် ကျွန်မတို့ရဲ့ဝန်ကြီးဌာနကနေပြီးတော့ ဦးဆောင်သွားမယ်။ ကျန်တဲ့ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ များကလည်း ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးသွားရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ နောက်ဆုံးက ပြည်သူ ပြည်သားတွေပါဝင်လာဖို့ပါပဲ။
ကျွန်မတို့ပြည်သူပြည်သားတွေ ပါဝင်လာနိုင်အောင် လုပ်နိုင်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရက တာဝန်ပေးမှ နိုင်ငံသူနိုင်ငံသားတွေကလည်း တာဝန်သိမှာပါ။ ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ကျန်းမာရေးကို ကောင်းမွန်ဖို့အတွက် တတ်နိုင်သမျှ မှန်မှန်ကန်ကန်နဲ့ လုပ်နေတယ်ဆိုတာ ပေါ်လွင်လို့ရှိရင် ကျွန်မတိုရဲ့ ပြည်သူပြည်သားတွေဟာလည်း မိမိတို့ရဲ့ ကျန်းမာရေးကို မိမိတို့ ကိုယ်တိုင် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ ၀ိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက် ပံ့ပိုး သွားမယ်ဆိုတာ ကျွန်မတို့ သံသယရှိစရာ ကိစ္စမဟုတ်ပါဘူး။
ဒီအခမ်းအနားမှာ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ ကျန်းမာရေးအတွက် အဖက်ဖက်က ကူညီခဲ့တဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျေးဇူးတင်ကြောင်း ပြောတဲ့အခါမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ကျွန်မတို့ ကျန်းမာရေးဘက်ကို ပါဝင်ပြီးတော့ အားပေးဖို့အတွက် ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင် ပါတယ်။ ကျန်းမာရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ပိုက်ဆံရှိမှ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အခြေအနေမျိုးကို မဖြစ်စေချင်ပါဘူး။ ကိုယ့်မှာ ပိုက်ဆံရှိသည်ဖြစ်စေ၊ ပိုက်ဆံမရှိသည်ဖြစ်စေ၊ ကိုယ့်နိုင်ငံက ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်သွားမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများ ရှေ့ဆက်ပြီးသွားနိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ နိုင်ငံဟာ တကယ်ပဲ ထူးခြားတဲ့ လာဘ်လာဘတစ်ခုကို ရထားပြီလို့ ကျွန်မတို့အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ကျေးဇူးတင် ပါတယ်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆောင်ရွက် လျက်ရှိသည့် ပြည်သူအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြသည်။
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသား အားလုံးအတွက် အခြေခံအကျဆုံးသော မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေးဖြစ်ပြီး အဆိုပါ ပန်းတိုင်ရောက်ရှိရေးအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်းကို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ တိုင်းသားကျန်းမာရေးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု အသွင်ရရှိရေးကို ရည်မှန်းဆောင်ရွက်ကြောင်း သိရသည်။

Ref; Myanmar State Counsellor Office

No comments:

Post a Comment