Thursday, March 2, 2017

စီးပွားရေး တိုးတက်မှုတွင် အဓိကပါဝင်သည့် SME များတိုးတက်ရန် အင်တိုက် အားတိုက် ဆောင်ရွက်



နေပြည်တော် မတ် ၁
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၇) အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက တိုင်းပြည် တစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် SME များသည် အဓိကအသက် သွေးကြောအဖြစ် တည်ရှိနေသည်ကို တွေ့ရပါကြောင်း၊ SME များသည် နိုင်ငံဖွံ့ဖြိုးမှု၏ မောင်းနှင်အား ဖြစ်သကဲ့သို့ စွန့်ဦးတီထွင်မှု Entrepreneurship လုပ်ငန်းများလည်း ဖြစ်ကြပါကြောင်း၊ ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်ကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန် လွယ်ကူစွာ တုံ့ပြန်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိကြပါကြောင်း။
SME များသည် နေရာဒေသအနှံ့ အပြားတွင် တည်ရှိနေခြင်းကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ကျေးလက်ဒေသ အထိ ပေးနိုင်စွမ်းရှိသည့် အပြင် Internal Migration ဟု ခေါ်သည့် ကျေးလက်ဒေသမှ မြို့ပြသို့ ပြည်တွင်းပေါင်းစည်း အခြေချမှုအား ဖြစ်ပေါ်စေသော မလိုလားအပ်သည့် မြို့ပြကျယ်ပြောမှု (Urbanization) ကိုလည်း တားဆီးနိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့ပြင် ''နိုင်ငံရဲ့ စီးပွားရေးယန္တရား တည်ဆောက်ပေးကြသူများ ဖြစ်တဲ့ SME တွေ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေဖို့ အားပေးဆောင်ရွက်ဖို့နဲ့ SME လုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Policy တွေ၊ ဥပဒေတွေ၊ နည်းဥပဒေ တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည် သုံးသပ် ပြုစုပြဋ္ဌာန်းဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော် ရာမှာလည်း နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နဲ့ ဒေသအဆင့်တို့မှာ လိုအပ်တဲ့ ကျောရိုး မူဘောင်တွေကို ခိုင်မာစွာ တည်ထောင် ရမှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကထားရမယ့် Factor လေးခုဖြစ်တဲ့ လုပ်ငန်းသစ်များ အစပျိုးရာမှာ တွေ့ကြုံရမယ့် အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီး မတည်ငွေ စီးဆင်းမှု၊ ပညာပေးခြင်းနဲ့ စွန့်ဦးတီထွင်မှု လုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက် ချိတ်ဆက်ခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ချိမှု အားကောင်းစေခြင်းဖြင့် International Supply Chain ထဲ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယခုဖွဲ့စည်း ပြီးသည့် ဗဟိုကော်မတီက လုပ်ငန်း ကော်မတီ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်း တာဝန်များ သတ်မှတ်ပေးခြင်း၊ အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ် သည့် အဖွဲ့များကို ဆက်လက်ဖွဲ့စည်း တာဝန်ပေးအပ်ရန် လိုအပ်ပါကြောင်း။
လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးရန် လိုအပ်သည့် အမည်စာရင်းကိုလည်း SME ဥပဒေ၊ အခန်း ၅၊ ပုဒ်မ ၇ ပါ သတ်မှတ်ချက်များနှင့်အညီ ယနေ့ အစည်းအဝေးတွင် အဆိုပြုသတ်မှတ် ပေးကြရန်ဖြစ်ပါကြောင်း၊ ယင်းသို့ သတ်မှတ် အတည်ပြုပြီး ပါကလည်း အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ်သည့်အဖွဲ့များကို ဥပဒေ နှင့်အညီ ဖွဲ့စည်းရန် လုပ်ငန်းကော်မတီကို တာဝန် ဆက်လက်ပေး သွားရမည် ဖြစ်ပါ ကြောင်း။
လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီးပါက မိမိတို့ဗဟိုကော်မတီ၏ သဘောတူညီမှုနှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ အေဂျင်စီနှင့် အေဂျင်စီရုံးခွဲများကို ဖွဲ့စည်းပြီး တာဝန် ပေးအပ်ရမည် ဖြစ်ပါကြောင်း။
SME လုပ်ငန်းများသည် အလွန် များပြားလှပြီး ကျယ်ပြန့်ခြင်းကြောင့် စနစ်တကျ အာရုံစိုက်၍ ဘက်ပေါင်းစုံပံ့ပိုး ဆောင်ရွက်သင့်သည်ဟု ပြောကြားလိုပါကြောင်း၊ ယခု အစည်းအဝေးမှစ၍ SME ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ အရှိန်မြှင့် ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးတိုးတက်မှုတွင် အဓိကပါဝင်သည့် SME များတိုးတက်ရန် အင်တိုက် အားတိုက် ဆောင်ရွက်ကြပါရန် တိုက် တွန်း ပြောကြားသည်။
ထို့နောက် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ တွဲဖက် ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် SME များ မလွှဲမရှောင်သာ တိုးတက်အောင် လုပ်ရမည် ဖြစ်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းများသည် SME များ ဖြစ်ပါကြောင်း၊ ဤ SME များ အောင်မြင်မှ နိုင်ငံ့စီးပွားရေး အောင်မြင်မည်ကို ထူးထူးထွေထွေ ရှင်းပြနေစရာ မလိုပါကြောင်း၊ SME များနှင့် ပတ်သက်၍ အစိုးရဌာနများက သတ်မှတ်ထားသည့် လိုအပ်သော ပံ့ပိုးမှုများမှာ လူ့စွမ်းအား အရင်းအမြစ်၊ နည်းပညာ ဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးမှု ၊ ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်မှု၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံး လုပ်နည်းများ၊ လုပ်သာ ကိုင်သာသော စီးပွားရေး ဝန်းကျင်ကောင်းများ ဆိုပြီး အစိုးရအဖွဲ့အစည်းများက သတ်မှတ် ထားပါကြောင်း။
၎င်းနှင့် ပတ်သက်၍လည်း ဖိတ်ကြား ထားသည့် ပညာရှင်များ၊ အတတ်ပညာ ရှင်များ၊ အသိပညာရှင်များက ဝိုင်းဝန်း ဆွေးနွေးပြီး ဘယ်လိုအကောင်းဆုံး ကျွန်မတို့ အကောင်အထည်ဖော်နိုင်မလဲ၊ မိမိတို့၏မူဝါဒများကို ဘယ်လို အကောင် အထည်ဖော်နိုင်မလဲဆိုသည့် အကြံကောင်းများ ပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
SME များသည် ပြည်တွင်းရော ပြည်ပပါ ဆက်သွယ် ပေးထားသည့် တံတားဟုလည်း ပြော၍ရပါကြောင်း၊ ယခုအချိန်တွင် SME များ ထူထောင်သည့် မိမိတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည်ကို မေ့၍မရပါကြောင်း၊ ထို့ကြောင့် အာဆီယံက သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်း၊ တန်ဖိုးထား စံနှုန်းဘောင်များထဲမှ လုပ်ရန်လိုသလို မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကိုကြည့်ပြီး လုပ်ရန် လိုပါကြောင်း၊ SME များကို တည်ထောင်သည့်အခါ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုသည်ကို မေ့၍မရပါကြောင်း။
SME ဆိုလျှင် တော်တော်များများကို ထူထောင်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်နွှယ်သည်ဟု မထင်ကြကြောင်း၊ စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မဆက်နွှယ်ဘဲ စက်မှုလက်မှုနှင့်ဆက်နွှယ် သည်ဟု ထင်သည့် ပုဂ္ဂိုလ်အများကြီး ရှိပါကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍနှင့် ဆက်နွှယ်ရန်လိုပါကြောင်း၊ (၂၁) ရာစု ကမ္ဘာ၏ စားသောက်ကုန်များ လိုအပ်ချက်အပေါ်အခြေခံပြီး မိမိတို့၏ SME များ ဘယ်လို တိုးတက်နိုင်မလဲ၊ အခြားနိုင်ငံများ၏ SME များထက် ဘယ်လို အင်အား များနိုင်မလဲ၊ တွန်းအား ရှိနိုင်မလဲဆိုသည်ကို အဓိကထားပြီး မိမိတို့၏ အတတ် ပညာရှင်များ၊ အသိပညာ ရှင်များက အကြံပြုစေချင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၏ လိုအပ်ချက် သည် အဓိက ဖြစ်ပါကြောင်း၊ ကိုယ့်နိုင်ငံသည် ကမ္ဘာကြီးတွင် အထီးကျန်အနေဖြင့် ရပ်တည်နိုင် မည် မဟုတ်ပါကြောင်း၊ ဒေသတွင်း ဆက်နွှယ်မှုများ၊ ကမ္ဘာကြီး၏ ဆက်နွှယ်မှု များနှင့် ဆက်နွှယ်ပြီး မိမိတို့SME များအောင်မြင်အောင် လုပ်ရန်ဖြစ် ပါ ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''အရေးအကြီးဆုံးက ပညာရေးပါပဲ။ SME က စပြီး လုပ်နေတဲ့ လုပ်ငန်းလေး တွေ ပိုပြီးအောင်မြင်အောင် ကျွန်မတို့ အစိုးရအနေနဲ့ ဘယ်လို ပံ့ပိုးရမလဲ။ အစိုးရ က အားလုံးလုပ်ပေးလို့မရပါဘူး။ ကျွန်မ တို့ဟာ ဈေးကွက်စီးပွားရေး စနစ်ကို ယုံကြည်တဲ့စနစ်ဖြစ်ပါတယ်။ ဈေးကွက် စီးပွားရေးစနစ်အတွင်းမှာ SME လုပ်ငန်း တွေ အောင်မြင်အောင် အစိုးရက ဘယ်လို ပံ့ပိုးမလဲဆိုတာကို ဗဟိုကော်မတီ အနေနဲ့ ဦးဆောင်ပြီးလုပ်ရမှာ ဖြစ်ပါ တယ်။ အစိုးရရဲ့ ဈေးကွက်စီးပွားရေး စနစ် အတွင်း ပံ့ပိုးပေးဖို့၊ လက်ဝါးကြီးအုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မူဝါဒတွေအရ လုပ်ရမယ်ဆိုပြီး ကန့်ကွက်ဖို့လည်း မဟုတ်ပါဘူး။ ဈေးကွက် စီးပွားရေးစနစ် အတွင်း SME လုပ်ငန်းတွေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုပံ့ပိုး ကူညီမလဲ၊ ဘယ်လို ပံ့ပိုးမလဲ၊ ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်နေတဲ့တစ်ချိန်တည်းမှာ ကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီး စီးပွားရေးအရ ဆက်သွယ်မှုတွေ သာမက လူမှုရေးအရ ဆက်သွယ်မှုတွေ တိုးတက်ကောင်းမွန်ဖို့ ဘယ်လို လုပ်သွားမလဲ ဆိုတာကြည့်ပြီး အကြံဉာဏ်ပေးစေ ချင်ပါတယ်။
''ကျွန်မတို့ အမြင်ကျယ်ဖို့ လိုပါတယ်။ ကျဉ်းမြောင်းတဲ့အမြင်နဲ့ ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။ ရေတိုအောင်မြင်မှုတော့ ရကောင်းရနိုင်ပါတယ်။ ရေရှည် SME တွေ အောင်မြင်ဖို့ဆိုရင် ကမ္ဘာ့ ရေစီးကြောင်းကို ကြည့်ရုံတင်မကပါဘူး။ ကမ္ဘာ့ရေစီးကြောင်းအပေါ် ကျွန်မတို့ ဩဇာလွှမ်းမိုးဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့ မှာ တီထွင်ဉာဏ် ရှိရပါမယ်။ တီထွင်ဉာဏ်ကို အကောင်အထည်ဖော်နိုင်ရမယ်။ တခြားနိုင်ငံတွေမှာ မသုံးဖူးတဲ့ နည်း ပညာတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ရှာရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံဟာ တခြားနိုင်ငံတွေထက် စီးပွား ရေး မှာ တော်တော်နောက်ကျနေပါတယ်။ နောက်ကျနေလို့ ကျော်တက်ဖို့ဆိုရင် တခြားသူတွေ မတွေးဖူးတဲ့ အတွေးတွေး မှ ဖြစ်မယ်။ ဈေးကွက်သစ်တွေ ဖန်တီးရ မယ်။
''အဲဒီလိုစိတ်တွေနဲ့ အသိပညာရှင် တွေ၊ အတတ်ပညာရှင်တွေက ရဲရဲဝံ့ဝံ့ အကြံပြုကြပါ။ မစမ်းသပ်ဖူးတဲ့ နည်းတွေနဲ့ စမ်းသပ်ရဲရမယ်။ မိုက်ရူးရဲဆန်တာ ကို ပြောတာ မဟုတ်ပါဘူး။ သတ္တိရှိရှိ ပညာ ကို အသုံးပြုပြီး သူများတွေ မလုပ်ဖူးတဲ့ နည်းတွေကို လုပ်မယ်ဆိုရင် SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်မှ အထောက် အကူ ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ စီးပွားရေးနဲ့ အင်မတန်မှ ဆက်နွှယ်နေပါတယ်။ ကမ္ဘာကြီးရဲ့ နိုင်ငံ ရေးကိုကြည့်လိုက်ရင် စီးပွားရေးတောင့် တင်းတဲ့နိုင်ငံတွေကို ကျန်နိုင်ငံတွေက အင်မတန်မှ မျက်နှာချိုသွေးနေရတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဟာ ဩဇာလွှမ်းမိုးလာကြတယ်။ ကျွန်မတို့ နိုင်ငံကို က္ဘာ့အလယ်မှာ တင့်တင့် တယ်တယ်နဲ့ ရပ်တည်စေချင်လို့ ဖြစ်ပါ တယ်။ SME နဲ့ပတ်သက်လို့ လုပ်ငန်း ကော်မတီဟာ ကျွန်မတို့ အစိုးရဘက်က သင့်တော်တဲ့ ဌာနများရဲ့ ကိုယ်စားလှယ် များသာမက အတတ်ပညာရှင်များ အသိ ပညာရှင်များ၊ ပြည်သူတွေအတွက် စေတနာနဲ့ စဉ်းစားပေးမယ့် ပုဂ္ဂိုလ်တွေကို ထည့်သွင်းထားတာဟာ နိုင်ငံအနေနဲ့ အရင်တုံးကဘယ်လိုပဲ နောက်ကျခဲ့၊ အခု ဆိုရင် အင်မတန်မှအရေးကြီးတဲ့ စီးပွား ရေးကဏ္ဍဖြစ်တဲ့ SME တွေကို အခြေခံ ပြီးတော့ တခြားနိုင်ငံတွေနဲ့ ရင်ပေါင် တန်းရုံတင်မက ကျော်တက်သွားနိုင်တဲ့ အခြေအနေတွေကို ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားသည်။
ထို့နောက် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အတွင်း ရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက SME များ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်း သွားစေရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုနှင့် ခရိုင် ၃၈ ခုတို့တွင် စုစုပေါင်းရုံးခွဲ ၅၃ ရုံး ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း။
SME မူဝါဒ၏ မျှော်မှန်းချက်မှာ ကဏ္ဍအသီးသီးရှိ အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများသည် ဒေသ တွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့် အလမ်းတိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာရေးတို့ကို ဦးဆောင် သွားနိုင်ရန် ဖြစ်ပါကြောင်း၊ SME ဖွံ့ဖြိုး ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့် အညီ ပံ့ပိုးပေးနိုင်ရန်အတွက်Development Law ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေနှင့်အညီ ဖွဲ့စည်းရမည့် အမျိုးသား အဆင့်ကော်မတီများ သက်ဆိုင်ရာ အဖွဲ့များနှင့် SME Agency တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရှိ SME Member အရေအတွက် စုစုပေါင်း ၅၉၆၉၄ ဦး ရှိပါကြောင်း၊ SME လုပ်ငန်းများရှိ လုပ်သားများ၏ ကျွမ်းကျင် မှုကို မြှင့်တင်ရန်အတွက် စက်မှုဝန်ကြီး ဌာန စက်မှုသင်တန်းကျောင်းများ ၌ နှစ်စဉ်ပုံမှန်သင်တန်းများ သင်ကြားပို့ချ ပေးခြင်း၊ စက်မှုနှင့်သက်မွေး ပညာ ရွေ့လျားသင်တန်းများ (Mobile Vocational Training) အား ကျေးလက်ဒေသ များအရောက် လှည့် လည် သင်တန်းပို့ချခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များ၊ ပညာရှင်များက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတွေ့အကြုံများ၊ ပြဋ္ဌာန်းပြီး ဥပဒေ၌ ပြုပြင်သင့်သည့် အချက်များ၊ တာဝန်ခွဲဝေမှုများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပံ့ပိုးပေးရန်ခြောက်ခု ရှိပါ ကြောင်း၊ ငွေကြေး၊ လျှပ်စစ်၊ လုပ်သာ ကိုင်သာရှိသော သင့်တော်သောအခွန် အကောက်၊ Credit Guarantee စသည်တို့ကို အသုံးပြုနိုင်အောင် ဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ရာတွင် သတ်သတ်မှတ်မှတ် တာဝန်ခွဲပေးရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များ ပြည့်ပြည့် စုံစုံ ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း၊ ကော်မတီသို့ စီးပွားရေးလုပ်ငန်းရှင်၊ ပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များ အကြံပေးနိုင်အောင် ဖွင့်လှစ်ထား ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရပ်များ၊ နည်းပညာများဖြန့်ဝေရာတွင် စနစ်တကျ ဖြန့်ဝေရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယနေ့ အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ပညာရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment