Thursday, March 2, 2017

၂၀၁၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သော သဝဏ်လွှာ



ချစ်ကြည် လေးစားအပ်ပါတဲ့ တောင်သူ လယ်သမားကြီးများခင်ဗျား -
ဒီကနေ့ အချိန်အခါသမယဟာ နိုင်ငံတော် တစ်ဝန်းလုံးရှိ တောင်သူ လယ်သမား များကို အထူးအလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားတဲ့ မင်္ဂလာ ရက်မြတ် အချိန်အခါသမယ မှာ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း အပေါင်းနဲ့ ပြည့်စုံကြကာ ကောင်းကျိုး မင်္ဂလာ အဖြာဖြာတို့နဲ့ ပြည့်စုံကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်း အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသ မှာနေထိုင်ကြပြီး အဓိက စီးပွားရေးလုပ်ငန်းဟာ လယ်ယာ လုပ်ငန်းဖြစ်ပြီး တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး (GDP)ရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာ ကဏ္ဍမှ ရရှိပေမယ့် တောင်သူလယ်သမား အများစုဟာ အကျိုးခံစားခွင့် အလွန်နည်းပါးပြီး လူမှုစီးပွားဘ၀ နိမ့်ကျလျက်ရှိပါတယ်။ ရာသီဥတု ပြောင်းလဲမှု သဘာဝဘေးနဲ့ အခြားသော ဘေးအန္တရာယ် ကျရောက်မှုတွေ၊ သစ်တော ပြုန်းတီးခြင်းနဲ့ မြေဆီလွှာ ထိန်းသိမ်းမှုလုပ်ငန်းတွေ အားနည်းခြင်းတို့ရဲ့ အကျိုးဆက် အနေနဲ့ တောင်သူလယ်သမား အများစုဟာ ဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘ၀ အခြေအနေများ ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေဖို့ မူဝါဒများနဲ့ လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ရေးဆွဲချမှတ် အကောင်အထည် ဖော်ပြီး တောင်သူ လယ်သမားများရဲ့ စိုက်ပျိုးနည်းပညာမှ လူမှုစီးပွားဘဝ တိုးတက်လာဖို့ ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အဓိကရည်မှန်းချက် တာဝန်တစ်ခုအဖြစ် တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို ဦးတည်ဆောင်ရွက်လျက် ရှိပါတယ်။ အစိုးရသစ်ရဲ့ ၁၁ လတာ အတွင်းမှာ ရေရှည် တည်တံ့တဲ့ လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေဖို့၊ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ တိုးတက် ထုတ်လုပ်နိုင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာဖူလုံဖို့၊ အာဟာရပြည့်ဝရေးနဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု တိုးတက်လာစေဖို့၊ တောင်သူ လယ်သမားများရဲ့ အခွင့်အရေးပြည့်ဝစွာ ရရှိခံစားနိုင်စေဖို့၊ လယ်ယာ ကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့ စသဖြင့် ရည်မှန်းချက် (၁၁) ချက် ချမှတ်ထားပြီး အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော် ရာမှာလည်း စိုက်ပျိုး မွေးမြူရေးကဏ္ဍ ထုတ်လုပ်မှု စွမ်းအားမြင့်မားလာဖို့နဲ့အတူ လုပ်ကွက်ငယ် တောင်သူ လယ်သမားများရဲ့ ဝင်ငွေပါ တိုးတက်လာစေဖို့၊ ကျေးလက်ဒေသ လူမှုစီးပွားဘ၀ တိုးတက်လာဖို့၊ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ဖို့ စတဲ့ မူဝါဒတွေချမှတ်ပြီး ကြိုးပမ်းလျက်ရှိပါတယ်။
ချစ်ကြည် လေးစားအပ်ပါတဲ့ တောင်သူ လယ်သမားကြီးများခင်ဗျား-
မိမိတို့နိုင်ငံဟာ လယ်ယာကဏ္ဍကို အဓိကအားထားနေရပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ တောင်သူ လယ်သမားများရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့၊ အကျိုးစီးပွားတွေကို ပိုမိုမြှင့်တင်နိုင်ဖို့ အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သလို ဒုတိယသမ္မတ ဦးဆောင်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ကိုလည်း ဖွဲ့စည်းကာ သတ်မှတ်ထားတဲ့ မူဝါဒများနဲ့အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
သဘာဝမိုးရေကိုသာ မှီခိုအားထားပြီး စိုက်ပျိုးကြရတဲ့ လယ်မြေများကို ဆည်ရေသောက်စနစ်တွေ တည်ဆောက် ပေးခြင်းဖြင့် သီးထပ်သီးညှပ်တွေ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ကြဖို့ ကြိုးပမ်းလျက်ရှိသလို ဒေသအလိုက် လိုက်လျော ညီထွေရှိမယ့် သီးနှံတွေ၊ သီးနှံပုံစံတွေ၊ စိုက်စနစ်တွေ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်။
ဆည်တာတမံကြီးတွေနဲ့ မြစ်ရေတင် စီမံကိန်းကြီးတွေ ထိန်းသိမ်း မွမ်းမံခြင်း၊ ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး သရုပ်ပြပညာပေးခြင်း၊ စက်မှုလယ်ယာ စနစ်တကျ ဖော်ထုတ်ခြင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့တွေ အပြည့်အဝ သုံးစွဲနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ ထုတ်ကုန် သီးနှံတွေ အရည်အသွေး ကောင်းမွန်ရေး၊ ဓာတ်ကြွင်း အာနိသင်တွေ ကင်းစင်ရေး၊ ရိတ်သိမ်း ချိန်လွန် ဆုံးရှုံးမှု လျှော့ချရေး၊ နည်းပညာများစတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေရရှိဖို့ တောင်သူ လယ်သမားတွေရဲ့ လက်ဝယ်အရောက် လေ့ကျင့်ပညာပေးခြင်းစတဲ့ လုပ်ငန်းစဉ်တွေကိုလည်း လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက်အခြေခံ အုတ်မြစ်ကောင်းများ အဖြစ် အခိုင်အမာ တည်ဆောက်ပေး လျက်ရှိပါတယ်။
ဒါ့အပြင် တောင်သူပညာပေး စံနမူနာပြစိုက်ကွင်းတွေ ထူထောင်ပြသခြင်း အပြင် တောင်သူတွေ ကိုယ်တိုင် စိုက်ပျိုးပညာရှင်တွေနဲ့ ပါဝင် ပူးပေါင်းပြီး မိမိဒေသနဲ့ ကိုက်ညီတဲ့ မျိုး၊ သီးနှံပုံစံ၊ စိုက်စနစ်တို့နဲ့ စမ်းသပ်ကွက်များ စိုက်ပျိုးခြင်းတွေကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက် လျက်ရှိပါတယ်။
နိုင်ငံတော်က တောင်သူ လယ်သမားများကို မိမိဒေသနဲ့ ကိုက်ညီမယ့် ဈေးကွက် ဝင်သီးနှံများကို စိုက်ပျိုးခွင့် ပေးထားပြီးလည်း ဖြစ်ပါတယ်။ တောင်သူ လယ်သမားတွေ ဝင်ငွေတိုးတက်ရရှိနိုင်ရေး အတွက် ခိုင်မာတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်မယ့် ပြည်တွင်းပြည်ပ ဈေးကွက်နေရာ ရရှိနိုင်ရေးအတွက် ကုန်ကြမ်း အဆင့်အနေနဲ့သာမက တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောတွေ ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ အတွက်လည်း အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါတယ်။
ထုတ်ကုန်သီးနှံတွေရဲ့ ဈေးနှုန်းခိုင်မာပြီး ဝင်ငွေပိုမို တိုးတက်ရရှိစေဖို့နဲ့ ပြည်တွင်းပြည်ပမှာ ခိုင်မာတဲ့ ဈေးကွက်ရရှိရေး အတွက် ဈေးပြိုင် စနစ်ကျင့်သုံးမယ့် နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက် Wholesale Market တွေ ပေါ်ပေါက် လာရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက် လျက် ရှိနေပြီဖြစ်ပါတယ်။
ချစ်ကြည် လေးစားအပ်ပါတဲ့ တောင်သူ လယ်သမားကြီးများခင်ဗျား-
နိုင်ငံတစ်ဝန်းရှိ လုပ်ကွက်ငယ် တောင်သူလယ်သမားများရဲ့ စွမ်းအားကို ရယူပေါင်းစုနိုင်မယ့် လယ်ယာထုတ်ကုန် သမဝါယမအသင်းအဖွဲ့တွေ ဖွဲ့စည်း ထူထောင်နိုင်ဖို့လည်း ထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ခေတ်မီ စိုက်ပျိုးနည်းပညာတွေ တောင်သူ လက်ဝယ်အရောက် အလွယ်တကူရောက်ရှိဖို့ ရာသီဥတုဆိုင်ရာ သတင်း အချက်အလက်များနဲ့ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ သိရှိဖို့၊ စိတ်လက် အပန်းဖြေနိုင်ဖို့အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေသာမက အခုနောက်ဆုံး လူတိုင်း လက်ဝယ်ရောက် ရှိလာနေပြီဖြစ်တဲ့ မိုဘိုင်းဖုန်းတွေကနေ တစ်ဆင့် သတင်းအချက်အလက်တွေ မျှဝေပေးနေပါတယ်။
ကမ္ဘာ့လူဦးရေဟာလည်း နေ့စဉ်တိုးတက်လျက်ရှိနေရာ လက်ရှိလူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ဟာ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ သန်းပေါင်း ၉၀၀၀ ရှိလာမှာ ဖြစ်တဲ့အတွက် လိုအပ်လာမယ့် စားနပ်ရိက္ခာကို ပိုမိုတိုးတက် စိုက်ပျိုး ထုတ်လုပ်ကြရမှာလည်း ဖြစ်ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း လာမယ့်နှစ်များ အတွင်း တိုးပွားလာနိုင်မယ့် လူဦးရေပမာဏ အတွက် မျှော်မှန်းပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိရုံ သာမက နိုင်ငံ တကာ ဈေးကွက်ကို ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်နဲ့ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုတွေကို ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့်တင် အားပေး ဆောင်ရွက်လျက် ရှိပါတယ်။
မိမိတို့နိုင်ငံရဲ့ မြေသယံဇာတနဲ့ ရေသယံဇာတ ပေါကြွယ်ဝမှု၊ ရာသီဥတု ကောင်းမွန်မှု စတဲ့ အားသာချက်တွေ နဲ့ တောင်သူ လယ်သမားတို့ရဲ့ ပေါင်းစည်း အင်အားတို့ကို အခြေခံပြီး လယ်ယာကဏ္ဍ အပါအဝင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး ကြိုးပမ်း ဆောင်ရွက်ကြရမယ့် အချိန်အခါကောင်း ဖြစ်တာနဲ့အညီ တောင်သူ လယ်သမားတွေရဲ့ လူမှုစီးပွားဘ၀ မြှင့်တင်ရန် အခါအခွင့်သင့်သော အခြေအနေလည်း ဖြစ်ပါတယ်။
ချစ်ကြည် လေးစားအပ်ပါတဲ့ တောင်သူ လယ်သမားကြီးများ ခင်ဗျား-
နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ တောင်သူ လယ်သမားတွေ အပါအဝင် နိုင်ငံသား အားလုံးရဲ့ ရေရှည် အမျိုးသားရေး အကျိုးစီးပွား အတွက် ကြုံတွေ့ ရင်ဆိုင်ကြရမယ့် စိန်ခေါ်မှု၊ အတားအဆီးနဲ့ အခက်အခဲ မှန်သမျှ တို့ကို လားရာတူသို့ သာတူညီမျှစွာနဲ့ ပြိုင်တူတွန်းကာ ရည်မှန်းချက် ပန်းတိုင်အရောက် ချီတက်ကြပါစို့လို့ အလေးအနက် တိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့အပ်ပါတယ်။

No comments:

Post a Comment