Thursday, March 23, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၇ ခုနှစ်၊ (၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်


နေပြည်တော် မတ် ၂၃
 
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၇ ခုနှစ်၊ (၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေး ဒိုပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့မှ တာဝန်ရှိ သူများ၊ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အား ကစားသမား များနှင့် အားကစား ဝါသနာရှင် များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂျပန်သံအမတ်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ၊ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

ထို့နောက် အားကစားသမားများက အားကစားနည်းများအလိုက် သရုပ်ပြ သကြပြီး ပြိုင်ပွဲပထမနေ့ကို စတင် ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ကျင်းပသည့် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့်  မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တို့ ပူးပေါင်း၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၈ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၁၉၅ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲ ဒုတိယနေ့နှင့် ဆုပေးပွဲ အခမ်းအနားကို မတ် ၂၄ ရက်တွင် အဆိုပါ အားကစားရုံ၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment