Thursday, March 23, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစားရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော် မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဖေဇင်ထွန်း၊ ဦးကျော်ဝင်း၊ ဦးဝင်းခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးအတွက် ဂရုစိုက်ရန်လိုပါ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီးရရှိပါက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးသည် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များက လည်း အဆိုပါနေရာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပိုပြီး စိတ်အား ထက်သန်ကြမည်ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍ နှစ်ဖက် စလုံးတွင် အားနည်းနေပါကြောင်း၊ မည်သည့်အတွက်ကြောင့် အားနည်း နေသည်ကို မိမိတို့ဆန်းစစ်ရန် လိုပါကြောင်း၊ ဤသို့ဖြစ်ရသည်မှာ စီမံသည့်ဘက်တွင် အားနည်းခြင်း သို့မဟုတ် အကောင်အထည် ဖော်သည့်ဘက်တွင် အားနည်းခြင်း ဖြစ်နေသည်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဗဟိုနှင့် ညှိနှိုင်း ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း။

အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက နောက်ကျနေခြင်းသည် မသင့်တော်ပါကြောင်း၊ ဗဟိုဘက်ကလည်း အတတ်နိုင်ဆုံး ကူညီမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရဘက်ကလည်း တတ်နိုင်သမျှ တာဝန်ယူပြီး မည်သည့်နေရာများတွင် မည်သည့် အရာများလိုအပ်သည်၊ မည်သို့ အကောင်အထည်ဖော်မည်၊ စီမံကိန်းများသည် မည်မျှအထိ အောင်မြင်သည်ဆိုသည်ကို သိရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် လိုအပ်သလို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီး အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေ၊ လိုအပ်ချက်နှင့် အခက်အခဲများ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ တိုးတက်ကောင်းမွန်ရေး အတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် တိုးတက်ရေးအတွက် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းနှင့် ဖောင်းပြင်-ပင်လယ်ဘူးလမ်း၊ ကန့်ဘလူ-ကျွန်းလှ-ချပ်သင်း-ကောလင်း-၀န်းသို-အင်းတော်လမ်း၊ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ရေးဦး-ကလေးဝလမ်း၊ ဟုမ္မလင်း-ကက်သာ-အောင်ဇေယျ-မြို့သစ်-တမူးလမ်း၊ လေရှီး-ထန်ပါခွေ-လဟယ်-နန်း ယွန်း-ပန်ဆောင်လမ်း၊ နန်းယွန်း-ရှင်ဗွေယန်လမ်း၊ ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်လမ်း၊ တမူး-စစ်သောင်-ဖောင်းပြင်လမ်းနှင့်  မိုပိုင်းလွတ်-ရန်နွေးလမ်းတို့အား ဦးစားပေးကဏ္ဍ အလိုက် စီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် တိုးတက်လာသည့် ရောင်းချယူနစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ကျန်ရှိမှု အခြေအနေ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အထိ ဓာတ်အား တိုးတက်သုံးစွဲမှု၊ တိုင်းဒေသကြီး အတွင်းရှိ  လျှပ်စစ်မီးရရှိမှုနှင့် ကျန်ရှိမှုအခြေအနေ၊ ဓာတ်အားစနစ်ဖြင့် မီးလင်းရန်ကျန်ရှိ သောမြို့များအား ဓာတ်အားရရှိရေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားစနစ် အတွင်းမှ တိုင်းဒေသကြီးအတွင်း ဓာတ်အားပို့လွှတ်နိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အား ခွဲရုံ စီမံကိန်းများ၊ ဓာတ်အားတိုးတက် သုံးစွဲမှုများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်ရန် လျားထားသော စီမံကိန်းများ၊ စူးစမ်းတိုင်း တာပြီးသော အသေးစားရေအား လျှပ်စစ် အရင်းအမြစ်များ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် စီမံကိန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဘဏ္ဍာငွေ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တိုင်းဒေသကြီးအတွင်း ပြည်သူများ ၀င်ငွေတိုးတက်စေရန် စိုက်ပျိုးမြေ ခွဲဝေပေးမှု၊ စိုက်နည်းပညာနှင့် စိုက်ပျိုးရေးအသိပညာများ ဖြန့်ဝေပေးမှု အခြေအနေများကို လည်းကောင်း ရှင်း လင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင် ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်နေသည့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ အမြန်ဆုံး တိုးတက်လာအောင် တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြည်ထောင်စု အစိုးရ၊ ပတ်သက်ဆက်နွယ်သည့် ၀န်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီမံကိန်းများ ရေးဆွဲပြီး မြန်မြန်ဆန်ဆန်အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။

 (သတင်းစဉ်)

No comments:

Post a Comment