Friday, March 31, 2017

မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်အစည်းအဝေး (၇/၂၀၁၇) ကျင်းပ

နေပြည်တော် မတ် ၃၁
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၇/၂၀၁၇) ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာပါ အချက်များနှင့်စပ်လျဉ်း၍ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တောဒေသသို့ ကွင်းဆင်းသွားရောက်လေ့လာ စုံစမ်းမေးမြန်းခဲ့ကြောင်း၊ ထို့အပြင် မောင်တောဒေသဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည်ဆိုသည့် ဒုက္ခသည်များကိုလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံ မေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊
ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်အစီရင်ခံစာပါ တမ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာများနှင့်စပ်လျဉ်း တမ်မတော်မှ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က မောင်တောဒေသသို့ အသေးစိတ် သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက် အသေးစိတ်အစီရင်ခံစာများသည် မိမိထံရောက်ရှိနေပြီဖြစ်ကြောင်း၊ ၄င်းစုံစမ်းစစ်ဆေးရေးအဖွဲ့များသည် သတ်မှတ်ထား သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပြင်သို့ကွင်းဆင်း၍ စနစ်တကျ စစ်ဆေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ ကော်မရှင်၏ အစီရင်ခံစာ၌ စစ်ဆေးတွေ့ရှိချက်အားလုံးကို ခြုံငုံ၍ ပြည့်ပြည့်စုံစုံ သုံးသပ်တင်ပြနိုင်ရန် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေး၌ ကော်မရှင်အဖွဲ့ဝင်များက လွတ်လပ်စွာဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ စုံစမ်း စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေ၊ အပြီးသတ်အစီရင်ခံစာနှင့် အစီရင်ခံစာအကျဉ်းချုပ် ရေးသားခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဦးညွန့်ရွှေ၊ ဒေါက်တာ လှမောင်၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ဦးသာဥာဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့က အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။

(သတင်းစဉ်)

No comments:

Post a Comment