Friday, March 31, 2017

ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲလာမှုကြောင့် လူသားတို့၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးလာ

နေပြည်တော် မတ် ၃၁
စိုက်ပျိုးရေးသီးနှံထွက်ကုန်များ အရည်အသွေး ပြည့်ဝရေး၊ ဈေးကွက်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး နှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ဈေးကွက်ထဲတွင် တရားမဝင် ပိုးသတ် ဆေးများ တင်သွင်းဖြန့်ဖြူးခြင်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ကြိုးပမ်း ကြစေလိုကြောင်းဖြင့် မတ် ၃၁ ရက် နံနက် (၈) က စိုက်ပျိုးရေး တက္ကသိုလ် စုဝေးခန်းမဆောင်၌ ကျင်းပသည့် ပိုးသတ်ဆေးများ၏ အကျိုးသက်ရောက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များဆိုင်ရာ နိုင်ငံတကာသိပ္ပံစာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာ ဓါတုပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲလာမှုကြောင့် လူသားတို့၏ ကျန်းမာရေး၊ ပတ်ဝန်းကျင် သယံဇာတများ ဂေဟစနစ် ချို့ယွင်းပျက်စီးလာခြင်း၊ တောရိုင်းတိရစ္ဆာန်များ ဘေးရောဂါများ ကျရောက်ခြင်း များ ကြုံတွေ့ရလျက်ရှိပြီး ဥရောပနိုင်ငံများတွင် အင်းဆက်ပိုးမွှားများနှင့် ဇီဝမျိုးကွဲများနှင့် လူဦးရေအမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်နိုင်ရေး စည်းမျဉ်း ဥပဒေများ ချမှတ်ဆောင်ရွက်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြရာ မိမိတို့အားလုံး ညီညွတ်စွာ ပါဝင် ကြိုးပမ်းကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဌ ဦးရန်လင်း၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ သစ်တောသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ JICA မှ Mr. Koji TANAKA, Chief Advisor နှင့် Dr.Yoshinori YAMAMOTO၊ ACARE မှ Dr. Mehta, Resident Advisor တို့မှ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment