Friday, March 3, 2017

မြန်မာ- ဂျပန် အစိုးရအကြား ချေးငွေ ချေးယူရေး ဆိုင်ရာ စာချွန်လွှာ လက်မှတ် ရေးထိုး လဲလှယ်ပွဲ ကျင်းပ



နေပြည်တော် မတ် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဂျပန်နိုင်ငံ အစိုးရတို့အကြား စာချွန်လွှာများ လက်မှတ် ရေးထိုး လဲလှယ်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Tateshi Higuchi ဦးဆောင်သည့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့် ပစ္စည်းများ တိုးချဲ့သည့် စီမံချက် အကောင် အထည်ဖော်ရန် အတွက် ဂျပန်ယန်း (၂.၂၆၃)ဘီလီယံ အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာနှင့်  ဘီလူးချောင်း အမှတ်(၁) ဓါတ်အားပေး စက်ရုံနှင့် ဆည်တော်ကြီး ဓါတ်အားပေး စက်ရုံတို့၏ ဓါတ်အားပေး စက်များကို အလုံးစုံ ပြုပြင် မွမ်းမံရေး စီမံကိန်း အတွက် ODA ချေးငွေ ဂျပန်ယန်း (၁၀.၇၈၇) ဘီလီယံ ချေးယူရေး ဆိုင်ရာ စာချွန်လွှာတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr.Tateshi HIGUCHI တို့က လက်မှတ် ရေးထိုး လဲလှယ်သည်။
အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြန်ကြားရေး ကဏ္ဍတွင် သတင်း အချက်အလက်နှင့် ရုပ်သံများ ထုတ်လွှင့် ဖြန့်ချိရာ၌ ပိုမိုထိရောက်၍ အရည် အသွေး ကောင်းမွန်လာစေရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ ဘီလူးချောင်း အမှတ်(၁) ဓါတ်အားပေး စက်ရုံနှင့် ဆည်တော်ကြီး ဓါတ်အားပေး စက်ရုံတို့၏ ဓါတ်အားပေး စက်များကို အချိန်မီ ပြုပြင်မှု ဆောင်ရွက်ခြင်းဖြင့် စက်စွမ်းအားပြည့် စဉ်ဆက်မပြတ် ဓါတ်အား ထုတ်လုပ် ပေးနိုင်မှာ ဖြစ်ပြီး နိုင်ငံ၏ ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment