Friday, March 3, 2017

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကလေးစာပေပွဲတော် (မော်လမြိုင်) ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး



မော်လမြိုင်၊ မတ် ၃
ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် မတ်လ (၃)ရက် ၊ နံနက် (၉)နာရီအချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ကလေးစာပေပွဲတော် (မော်လမြိုင်) ကျင်းပရေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။







အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက “ ပြန်ကြားရေး ၀န်ကြီးဌာန၏ လုပ်ငန်းစဉ်သည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့ ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၏ မူလ ပထမ အလုပ်တွင် စာပေ ပြန့်ပွားရေးသည် အဓိကတာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊  စာပေပွဲတော်များကို ဆက်တိုက် ပြုလုပ် လာခဲ့ပါကြောင်း၊ တိုက်တွန်းမှု၊ နှိုးဆော်မှုများ စဉ်ဆက်မပြတ် ရှိလာပါက စာဖတ်အားလည်း တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ ကလေးစာပေ ကိစ္စသည် လွန်စွာ အရေးပါကြောင်း၊ ကာတွန်းရုပ်ပုံ များမှတဆင့် စာအုပ်များနှင့် ထိတွေ့ပျော်မွေ့ပြီး စာဖတ်သည့် ၀ါသနာပါလာအောင် ဖန်တီးပေးရမှာ ဖြစ်ပါကြောင်း၊ ကလေးများ စာပေကို ချစ်မြတ်နိုး တတ်လာစေရန်၊ ပိုမို စိတ်ဝင်စားလာစေရန်၊ စာပေနှင့် ထိတွေ့မှုရှိစေရန် ကလေးစာပေ ပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက ပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ဆွေးနွေးရာ တွင်  “ကလေးစာပေ ပွဲတော်ကို မော်လမြိုင်မြို့၌ လာမည့် မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်တဲ့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါကြောင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း”  ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက  ကလေးစာပေပွဲတော် ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊ ကျင်းပမည့် မော်လမြိုင် တက္ကသိုလ်၊ ဘက်စုံသုံး ခန်းမအတွင်း နေရာ ချထားမှု ပုံစံများကို ရှင်းလင်း ပြောကြား၍ တက်ရောက် လာသူတို့က ဒေသ အခြေအနေနှင့် လိုအပ်ချက်များ၊ စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်း အစည်းအဝေး ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်သို့ လည်းကောင်း၊ မော်လမြိုင် ထပ်ဆင့်လွှင့် စက်ရုံသို့ လည်းကောင်း၊ ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်)သို့ လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းပြီး မိမိတို့ ဌာနလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင်နှင့် ဌာန၏ လုပ်ဆောင်ချက်များကို ပြည်သူများ ပိုမိုသိရှိအောင် နည်းလမ်းရှာပြီး တိုးတက် ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ၀န်ကြီးသည် ကလေးစာပေ ပွဲတော် ကျင်းပမည့် မော်လမြိုင် တက္ကသိုလ် ဘက်စုံသုံး ခန်းမကို ကြည့်ရှု စစ်ဆေးပြီး ကလေးစာပေ ပွဲတော် ဖြစ်မြောက်ရေး အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment