Tuesday, March 28, 2017

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြည်ပဧည့်များ သီးခြားစီတွေ့ဆုံ



နေပြည်တော် မတ် ၂၈
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ သစ်တောများ ထာဝစဉ် တည်တံ့ရေး အုပ်ချုပ် လုပ်ကိုင်မှုနှင့် ပြန်လည် ထူထောင်ရေး ကွန်ရက်အဖွဲ့ (Asia-Pacific Forestry Network for Sustainable Forest Management and Rehabilitation - APFNet) မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Zhao Shucong နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အာရှ- ပစိဖိတ်ဒေသ အတွင်းရှိ သစ်တောများ ထာဝစဉ် တည်တံ့စေရေး အတွက် APFNet ၏ ဆောင်ရွက်မှုများ၊ ပေါင်းလောင်း ရေဝေရေလဲဒေသ သစ်တော စီမံအုပ်ချုပ်မှု လုပ်ငန်းစီမံကိန်းနှင့် စီမံကိန်း၏ အရေးပါမှုများ၊ မဟာမဲခေါင် ဒေသခွဲအတွင်း ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများ၌ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး တို့အတွက် ဘွဲ့၊ ဒီပလိုမာ သင်တန်းများ စေလွှတ်ရေး၊ သုတေသီများ အပြန်အလှန် ဖလှယ်ရေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ သင်တန်းများ တက်ရောက် နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ နံနက် ၁၀ နာရီခွဲတွင် သြစတြီးယားနိုင်ငံ သံအမတ်ကြီး Mr.Enno Drofenik နှင့် သြစတြီးယား စီးပွားရေး ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment