Tuesday, March 28, 2017

ဆေးလူမှု ဆက်ဆံရေး လုပ်ငန်း နှစ် (၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ



နေပြည်တော် မတ် ၂၈
ဆေးလူမှု ဆက်ဆံရေး၏ အရေးပါမှုကို ပြည်သူများ သိရှိကြရန်လည်း အရေးကြီးပါကြောင်း၊ ဆေးလူမှု ဆက်ဆံရေး အနေဖြင့် လူနာများကို မိမိတို့ မိသားစုသဖွယ် သဘောထား ဆက်ဆံ လမ်းညွှန်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ လူနာများ အနေဖြင့် ဆေးရုံ တက်ရောက်ရာတွင် လည်းကောင်း၊ ဆေးကုသမှု ခံယူစဉ်နှင့် ဆေးရုံဆင်းချိန် တို့တွင်လည်း စိတ်ကျေနပ် နှစ်သက်မှု ရရှိမည် ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

လူနာများအနေဖြင့် ဝေဒနာ တစ်ခုခုခံစားရ၍ ဆေးရုံသို့ ရောက်ရှိ လာခိုက်တွင် ကောင်းမွန်စွာဖြင့် ကုသမှုခံယူရန်နှင့် ကောင်းမွန်စွာ ဆက်ဆံခံရရန် မျှော်လင့်တတ်ကြသဖြင့် ဆေးလူမှု ဆက်ဆံရေးမှူးများ အနေဖြင့် အဆိုပါ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြရန် လိုအပ်ပါကြောင်း၊ သူနာပြု၊ သားဖွား အသင်းများ ရှိသကဲ့သို့ ဆေးလူမှု ဆက်ဆံရေး အသင်းလည်း ရှိစေချင်ပြီး လုပ်ဆောင်ရာတွင်လည်း စနစ်တကျ ရှိရန် လိုအပ်ပါကြောင်း။
ဆေးရုံကြီးများရှိ Hospital Reception Counter များ၌လည်း ဧည့်ကြို အမျိုးသမီးများကို ခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊  နှီးနွယ်ဌာနများ၊ လူမှုရေးဝန်ကြီးများ၊ သာရေးနာရေး အသင်းများ၊ အလှူရှင်များ၊ မီဒီယာများ နှင့် လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  လူနာများ၏ စိတ်ချမ်းသာမှုကို သာမက လူနာရှင် မိသားစုများ၏ အရေးကိုပါ ဂရုစိုက်ပေးရန် လိုအပ်ပါကြောင်းဖြင့် မတ်- ၂၆ ရက် နံနက် (၉) နာရီက သူနာပြု တက္ကသိုလ်- ရန်ကုန်၌ ကျင်းပသည့် ဆေးလူမှု ဆက်ဆံရေး လုပ်ငန်း နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် လက်ထောက် ညွှန်ကြားရေးမှူး၊ ဆေးလူမှု ဆက်ဆံရေး (အငြိမ်းစား) ဒေါ်ယုဇနကျင်က ကျေးဇူးတင် စကားပြောကြားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်း ပြသထားသည့် ဆေးလူမှု ဆက်ဆံရေးဆိုင်ရာ ပြခန်းငယ်အား ကြည့်ရှုအားပေးသည်။
ဆေးလူမှု ဆက်ဆံရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင်ရန်၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်မှု ပိုမိုရရှိပြီး တက်ကြွစွာ တာဝန် ထမ်းဆောင်ကြစေရန်၊ ဆေးလူမှု ဆက်ဆံရေး အသင်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယခု အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment