Saturday, March 4, 2017

မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်

မကွေး မတ် ၎
မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဘုတ်ကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၏ ကြီးကြပ်မှု၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပါက ကျေးရွာလူထူအနေဖြင့် ယခုပြုလုပ်သည့် လေ့ကျင့်ခန်းမှ အားနည်းချက်များကို ပြုပြင်ဆောင်ရွက် နိုင်စေရန်နှင့် ကျရောက်လာမည့် ဘေးအန္တရာယ်များကို  တုန့်ပြန်ဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီမှူး ဦးမြင့်စိုး က မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း အသိပညာပေး အခမ်းအနားတွင် ပြောသည်။
အဆိုပါ မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ ဒေသခံပြည်သူ ၄၅၀ ဦးခန့် တက်ရောက်ကြပြီး ဟောပြောပွဲ အပြီးတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး ၀န်ထမ်းမျာက ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ ကျေးရွာပြည်သူများက မုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီကို ၂၀၁၆-ခုနှစ်တွင် ဖွဲ့စည်း၍ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး အကြိမ်(၂၀)၊ ကမ်းပါးပြို၍ ကြိုတင်ပြောင်းရွှေ့မှုဘေး (၃၇)ကြိမ်၊ လေပြင်းတိုက်ခတ်မှုဘေး (၆၃)ကြိမ်၊ ရေကြီးနစ်မြှပ်မှု (၇၃)နေရာ ဖြစ်ပွားခဲ့မှု သေဆုံးသူ (၂)ဦး၊ ရေနစ်သေဆုံးသူ(၁၂)ဦး၊ မိုးကြိုးပစ်သေသူ (၄)ဦး၊ ငလျင်ကြောင့် သေသူ(၃)ဦး အပါအ၀င် သေဆုံးသူ(၂၁)ဦး စသည်တို့အတွက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့တန်ဖိုး ငွေကျပ် (၅၁၀၈၇၉၂၆၈) ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment