Saturday, March 4, 2017

ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၄ 
ပြည်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများရေးဆွဲ ပြင်ဆင်ပြဌာန်း နိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် စခန်းများတွင် လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးခန်းမ၌ ယနေ့ကျင်းပပြုလုပ်သော ကယ်ဆယ်ရေး စခန်းတာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်းလုပ်ငန်းသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်ပြီးအသိ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပြည့်စုံမှုတို့ဖြင့် ဆောင်ရွက်ကြရမည့်အချိန်ဖြစ်ပါကြောင်း၊ စခန်းများအတွင်းရှိ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ အတွက်လည်း ၄င်းတို့၏ အခွင့်အရေးကိုဥပဒေပြဌာန်းချက်နှင့်အညီ ရရှိစေဖို့ကိုလည်း အမြဲထည့်သွင်း စဉ်းစားရန် လိုအပ်ပါကြောင်း၊ စခန်းများရှိလူငယ်များ၏ အခန်းကဏ္ဍကိုလည်းမေ့လျော့နေ၍ မရဘဲလူငယ်မူဝါဒရေးဆွဲနေချိန်မှာ ၄င်းတို့၏ အသံများပါဝင်နိုင်ရေးအတွက် စဉ်းစားပေးရန် လိုအပ်ပါကြောင်း။
စခန်းအတွင်းမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍လည်း ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ပေးကြရန်နှင့် စခန်းအုပ်ချုပ်သူ တာဝန်ခံများ အနေဖြင့်လည်း စခန်းများတွင်ကြုံတွေ့နေရသည့် အခက်အခဲ များကို ပွင့်လင်းစွာ တင်ပြပေးကြရန်၊ တင်ပြချက်များကိုလည်းပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ် အစိုးရ အဖွဲ့နှင့် UN, INGO အဖွဲ့တို့ ပူးပေါင်းဖြေရှင်းပြီး ပြည်သူများနှင့် လက်တွဲကာ ပြည်သူများနှင့် လက်တွဲကာ ဆောင်ရွက်ပါက အောင်မြင် မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော စခန်းတာဝန်ခံအုပ်ချုပ်သူများက ၄င်းတို့စခန်းများရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ဖွင့်လှစ်သင်ကြားနိုင်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်လိုသော လုပ်ငန်းများနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးတို့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၊ UN, INGO များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်း ဆွေးနွေးပေးသည်။
တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တို့မှ ကယ်ဆယ်ရေး စခန်းတာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment