Friday, March 24, 2017

ကျောက်စိမ်း၊ ကျောက်မျက် စုစုပေါင်းအတွဲ ၄၂၆၇ တွဲ ရောင်းချရပြီး မူလကြမ်းခင်းဈေးထက် ၅ ဆကျော်ပိုမိုရရှိ


နေပြည်တော် မတ်  ၂၄
၂၀၁၇ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့်ရောင်းချပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက် စုစုပေါင်းအတွဲ ၄၂၆၇ တွဲ ရောင်းချရပြီး မူလကြမ်းခင်းဈေးထက် ၅ ဆကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း အသားကျောက် စုစုပေါင်းအတွဲ ၄၆၄၉ တွဲကိုတင်ပြ၍ စုစုပေါင်းကြမ်းခင်းဈေးတန်ဖိုး ငွေကျပ် ၁၀၈၁၅ ဒသမ ၆၈ သန်း သတ်မှတ်ပြီးရောင်းချခဲ့ရာ ၄၂၆၇ တွဲအား ငွေကျပ် ၆၁၉၁၅ ဒသမ ၂၀ သန်းပေးကာ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
စီမံရေးရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က“ရတနာကုန်သည်တွေ အနေနဲ့ ၀ယ်ချင်တဲ့ ကျောက်တွဲတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို အာမခံစပေါ်ငွေသွင်းပြီး ၀ယ်ယူရပါတယ်။ အခုရောင်းချတဲ့ စာရင်းတွေဟာ ကနဦး စာရင်းများပဲဖြစ်ပါတယ်။ ဒီရောင်းချရငွေတွေကို ကျွန်တော်တို့ ချက်ချင်းရတာ မဟုတ် ပါဘူး။ ငွေပေးချေချိန်ကို ဒီနေ့ကနေစပြီး ရက်ပေါင်း ၆၀ ပေးထားပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာပဲ ၀ယ်ယူခဲ့တဲ့ ရတနာကုန်သည်တွေက ပေးချေရမှာဖြစ်ပါတယ်။ ရက် ပေါင်း ၆၀ ပြည့်ပြီးမှသာလျှင် အမှန်တကယ် ၀ယ်ယူပေးချေးတဲ့စာရင်းကို ရမှာဖြစ်ပါ တယ်”ဟု ပြောသည်။
၂၀၁၇ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့်ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မတ်လ ၁၉ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရတနာကုန် သည် စုစုပေါင်း ၁၈၆၅ ဦး လာရောက်ကြည့်ရှုကြောင်း သိရသည်။
ကျောက်စိမ်းလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူ က “ကျောက်စိမ်းမှာက အရည်ကျောက်၊ အထည်ကျောက်၊ အသားကျောက် ဆိုပြီး အမျိုးအစား ၃ မျိုးရှိပါတယ်။ နိုင်ငံခြားငွေနဲ့ ရောင်းချတဲ့ ပွဲတွေမှာဆိုရင် ဒီအမျိုး အစားအားလုံးကို တင်ပြရောင်းချပါတယ်။ အခုပြည်တွင်းကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲတွေ မှာတော့ ကျောက်စိမ်းအသားကျောက်ကိုပဲ ရောင်းချပါတယ်။ ပြည်တွင်းကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းအချောထည်လုပ်ငန်းတွေ အဆင်ပြေအောင်၊ ကုန်ကြမ်းရရှိအောင် ဖြစ်ပါတယ်။ ကျောက်စိမ်းအချောထည်လုပ်ငန်း လုပ်ကိုင်သူတွေ အကြံပြုတာကတော့ အခုလိုပြပွဲမျိုး တစ်နှစ်ကို ၂ ကြိမ်လောက်လုပ် ပေးနိုင်ရင် သူတို့ဘက်က ပိုပြီးအဆင်ပြေတယ်လို့ ပြောပါတယ်”ဟု ပြောသည်။
ပြပွဲကာလအတွင်း ကျောက်မျက်ရိုင်းအတွဲ ၁၉၅ တွဲ ပြသခဲ့ရာ အတွဲပေါင်း ၁၃၀ ရောင်းချခဲ့ရပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၅၉၇၄ ဒသမ ၈၇ သန်းဖြစ်ကြောင်းနှင့် ကျောက်စိမ်းအသားကျောက်အတွဲ ၄၄၅၄ တွဲ ပြသခဲ့ရာ အတွဲပေါင်း ၄၁၃၇ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၅၅၉၄၀ ဒသမ ၃၃ သန်း ဖြစ်ကြောင်း သိရသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment