Friday, March 24, 2017

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအစီရင်ခံစာ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် မတ် ၂၄
Suu Foundation High Level Pannalအဖွဲ့မှ ပြုစုတင်ပြထားသည့် မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety in Myanmar) အစီရင်ခံစာ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယခုအလုပ်ရုံ ဆွေးနွေးပွဲသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အထောက်အကူပြုနိုင်မည့် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ The Suu Foundation ၏ High Level Panel များအနေဖြင့် မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety in Myanmar) အစီရင်ခံစာ (မူကြမ်း)ကို ပြုစုရေးသားခဲ့ပြီးအဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် လက်ငင်းဖြေရှင်းသင့်သည့် ကိစ္စများကိုဖော်ပြထားသည့် အတွက် များစွာအထောက်အကူပြုပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လမ်းအခြေခံအဆောက်အအုံများမှာ အားနည်းချက် များရှိနေပါကြောင်း၊ အဖွဲ့အစည်း ဖွဲ့စည်းမှုဆိုင်ရာ အားနည်းချက်များလည်းရှိနေသေး ကြောင်း၊ အစီရင်ခံစာတွင် ပြဿနာများကိုဖြေရှင်း နိုင်မည့် နည်းလမ်းများကိုဖော်ပြ ထားသည့်အတွက်များစွာ အထောက်အကူ ပြုပါကြောင်းနှင့် အနာဂတ်တွင်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် The Suu Foundation နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Prof Fred Wegman က ကျွမ်းကျင်အဖွဲ့၏ အကျဉ်းချုပ်ရှင်းလင်း တင်ပြချက်များကို ပြောကြားသည်။
ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဆောင်ရွက် ချက်များ၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်သိန်းဌေး တို့က ဌာနအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်  ဆောင်ရွက် ထားမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံခန့်ခွဲမှုနှင့် သင်တန်းပေးခြင်း၊ လမ်းအသုံးပြုသူများ အမူအကျင့်၊ ဘေးကင်းသောလမ်းများ၊ ဘေးကင်းသောယာဉ်များ၊ အချက်အလက်ကောက်ခံခြင်းနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်များဖြင့် အသေးစိတ်အကြံပြု ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment