Wednesday, March 29, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထု အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံ တိုက်ပွဲရှောင် စခန်းများ သွားရောက် ကြည့်ရှု အားပေး



နေပြည်တော် မတ် ၂၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး မြစ်ကြီးနားမြို့ရှိ ကချင် လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံပြီး ခတ်ချိုတိုက်ပွဲရှောင်စခန်း၊ KBC မိုင်းနား တိုက်ပွဲ ရှောင်စခန်း၊ လန်ဆယ်ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ပြည်လုံးချမ်းသာပရဟိတ ဂေဟာ တို့ကို သွားရောက်ကြည့်ရှုအား ပေးသည်။










နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ မြစ်ကြီး နားမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ Palm Spring Hotel ၌ မြစ်ကြီးနားမြို့ရှိ ကချင်လူထု အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြစ်ကြီးနားကို လာရောက်ခြင်းသည် အကြောင်းရင်းနှစ်ရပ်ရှိပါကြောင်း၊ ပြီးခဲ့သည့် ပြည်ထောင်စုနေ့က လာရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလာရောက်ဖြစ်ခဲ့ပါကြောင်း၊ လာရောက်ရသည့် အကြောင်းရင်းမှာ ငြိမ်းချမ်းရေးနှင့် စစ်ဘေးရှောင်စခန်း များသို့ သွားရောက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှာ နှစ် ၇၀ နီးပါးရှိခဲ့ပြီဖြစ်ပါ ကြောင်း၊ နှစ် ၇၀ ဆိုသည်မှာ သမိုင်းရှည်ကာလနှင့် နှိုင်းဆလျှင် အများကြီး မဟုတ် ပါကြောင်း၊ နှစ် ၇၀ အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု၌ အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှု နည်းပါးခဲ့ပါကြောင်း၊ မိမိတို့ အစိုးရမှာ တစ်နှစ်သာရှိသေးသော်လည်း တစ်နှစ်ချင်း တိုးတက်မှု ရှိနေအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ခရစ်ယာန်ဘာသာဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ မေတ္တာတရားကို အခြေခံထားပါ ကြောင်း၊ ခရစ်ယာန်ဘာသာတွင် အကြွင်းမဲ့ မေတ္တာသည် အကြောက်တရားကို အောင်နိုင်ရာ၏ ဟု ဆိုထားပါကြောင်း၊ ဗုဒ္ဓဘာသာတွင် ဒေါသဖြစ်စေသော မီးကို မေတ္တာတရားဖြင့်သာ ငြိမ်းသတ်အောင်နိုင်ရာ၏ ဟု ဆိုထားပါကြောင်း။
အမှန်တကယ်ဆန္ဒရှိလျှင် ငြိမ်းချမ်းရေး ကြိုးပမ်းမှု မအောင်မြင်စရာ အကြောင်း မရှိပါကြောင်း၊ ယခင်က ဖက်ဒရယ်ဟုဆိုလျှင် ရှောင်ရှားလေ့ ရှိပါကြောင်း၊ ဖက်ဒရယ် ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ ဖက်ဒရယ်သည် ခွဲထွက်ရန် မဟုတ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ အများအပြား ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည့် အခြေခံ မူများကို ချမှတ်ပေးရမည်ဖြစ်ပါကြောင်း။
၂၁ ရာစု ပင်လုံညီလာခံသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) ကို အားလုံး လက်မှတ် ရေးထိုးစေလိုကြောင်း၊ NCA ဆွေးနွေးစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ခြင်းမရှိခဲ့ပါကြောင်း၊ သို့ရာတွင် အစိုးရဖြစ်လာပြီးနောက် တာဝန်ယူမှုရှိရမည်ဖြစ် ကြောင်း၊ NCA ကို လေ့လာကြည့်ရာတွင် နိုင်ငံရေးဆွေးနွေးမှုနှင့် အပစ်ရပ်စောင့်ကြည့် မှု အာမခံချက်များ ရှိရုံသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာမခံထား သည်ကို တွေ့ရှိနိုင်ကြောင်း၊ NCA နှင့် ၂၁ ရာစု ပင်လုံညီလာခံ လမ်းကြောင်းသည် တိုင်းပြည်နှင့် လူထုမနာသည့် လမ်းကြောင်းဖြစ်၍ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ NCA သည် ပန်းတိုင်မဟုတ်ကြောင်း၊ တိုင်းရင်းသားများ လိုလားလျက်ရှိ သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆင့် တစ်ဆင့်သာဖြစ်ပါ ကြောင်း၊ ညီလာခံသို့ ၀င်ရောက်၍ ဆုံးဖြတ်ချက်များ ချစေလိုကြောင်း၊ NCA အောင်မြင် ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စေရန် အောင်မြင်ခြင်းဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အတူတစ်ကွ သန္နဌာန်ချလိုက်ခြင်း ဖြစ် ကြောင်း။
NCA လက်မှတ် ရေးထိုးရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေး အတွက် မည်သည့်အခက်အခဲများ ရှိနေသည်ကို ပွင့်ပွင့်လင်းလင်း ပြောကြစေလို ကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက အားလုံးလုပ်ပေးမည်၊ အားလုံးလုပ်နိုင် သည်ဟု မပြောခဲ့ကြောင်း၊ လူထုယုံကြည်မှု အဆုံးရှုံး မခံနိုင်ကြောင်း၊ လုပ်ပေးနိုင် သည့် ကိစ္စရပ်များကို စွမ်းအားရှိသရွှေ့ လုပ်ပေးမည်ဟု ကတိပေးနိုင်ကြောင်း။
ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
တက်ရောက်လာကြသူများက တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေမှု၊ အကျိုးဆက်အနေဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများ များပြားလာမှု၊ ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုများ လိုအပ်နေမှု၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် စစ်မှန်သော ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများ ၏ ကြီးမားသော ဆိုးကျိုးတစ်ခု ဖြစ်သည့် မူးယစ်ဆေးဝါး ပြဿနာထိထိရောက်ရောက်နှိမ်နင်းနိုင်ရေးကိစ္စ၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် ဘာသာရေးခွဲခြားဆက်ဆံမှုများ ပပျောက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကချင် လူထု၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စီမံကိန်း များနှင့် စံချိန်စံညွှန်း အရည် အသွေး ပြည့်မီရန် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေတိုဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ ၊ ပြည်နယ်အစိုးရတို့က ချက်ချင်းဆောင်ရွက်ပေးရန်၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို စနစ်တကျ စီမံဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းတွေ့ဆုံပွဲသို့ ကချင်နှစ်ချင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာကြီး လလောက်ဂျုံးခေါင်၊ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်၊ မြစ်ကြီးနား ကတ်သလစ်သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီး ဖရန်ဆစ်ဒေါ့တန်၊ ကတ်သလစ် အသင်းတော် ဘုန်းတော်ကြီး ဒေါက်တာ ဂျိုးဇက်ဂေါ့လုယုံဝါ၊ အင်္ဂလီကန် သာသနာပိုင် ဆရာတော်ကြီး ဇော်လီ၊ လီဆူနှစ်ချင်းခရစ်ယာန် အဖွဲ့ချုပ် (မြစ်ကြီးနား) အထွေထွေအတွင်းရေးမှူး သိက္ခတော် ရ ဆရာကြီး ဇီလေး၊ ဧ၀ံဂေလိအသင်းတော် ဘုန်းတော်ကြီး သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဒခွမ်ဒေးဗစ်၊ လွတ်လပ်သောတိုင်းရင်းသားများ ခရစ်ယာန် ဂိုဏ်းချုပ် ဆလော်ရှောင်၊ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San) မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌ ဦးလုံဂျွန်တူးရော်၊ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွန်း၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာကြီး မဂျီဘောက်လာ၊ ဥက္ကဋ္ဌ ဖာသာပီတာခါးအောင်တူး၊ ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒူဝါလထော်ခွန်ဆိုင်၊ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင်၊ တစ်သီးပုဂ္ဂလ အဂူးခဲန်၊ ဇိုင်ဝါး (Zaiwa) ရိုးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလရှမ်းလနူး၊ လောင်ဝေါ် (Lhovo) ရိုးရာကော်မတီ နာယက ဦးဟောင်းဇယ်၊ ဗန်းမော်ရိုးရာဥက္ကဋ္ဌ ဦးလဝေါမ်၊ စာပေတိုး တက်ရေးကော်မတီခွဲ အဖွဲ့ဝင် ဦးဒိုင်လွမ်း၊ လားရှိုးမြို့ တစ်သီးပုဂ္ဂလ ဦးလရှီးလ၊ စာပေယဉ်ကျေးမှုကော်မတီ (နမ့်ဖတ်ကာ) အတွင်းရေးမှူး ဦးအူရားနော်၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace Creation Group – PCG) အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်ရှန်းဆန်အောင်၊ ဦးခပရာ ခွန်းအောင်၊ ရှအစ် လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ဒေါင်ညွယ်၊ ထွယ်ဂျဲန်ဒါအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်လဖိုင် ဆိုင်းရော်၊ အမှုဆောင်ဒါရိုက်တာ စိုင်းဆမ်ခမ်း၊ JST အဖွဲ့ဝင် Wunpawng Ninghtor (WPN) ဒေါ်မေရီတောမ်၊ မေတ္တာရင်ခွင်မိဘမဲ့ဂေဟာ တည်ထောင်သူ ဒေါ်အက်စ်ခေါန်နန်တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်လူထု ခေါင်းဆောင်များသည် အဖွဲ့လိုက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ဓာတ်ပုံတွဲရိုက်ဖူးသည့် ကချင်အမျိုးသမီးအဖွား ဒေါ်မဂေါင်ခေါန်ရော်နှင့် ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်ရောက်ရှိခဲ့စဉ်က ပန်းကုံးစွပ်ကြိုဆိုခဲ့သူ အဖွားဒေါ်ရွယ် နောင်းတို့က သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ ( Peace Creation Group - PCG) မှ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန်အောင်၊ ဦးအင်ရှန်းဆန်အောင်နှင့် ဦးဂွမ်ဆန်အောင်တို့နှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခတ်ချို ကျေးရွာ စစ်ဘေးရှောင်စခန်းသို့ သွားရောက်၍ စခန်းအတွင်း လှည့်လည်ကြည့်ရူကာ နေရပ် စွန့်ခွာရသူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ရာ နေရပ် စွန့်ခွာ ရသူများက ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားသည့် အမှတ်တရ လက်ဆောင် ပစ္စည်းများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြန်လည်ပေးအပ်သည်။
ယင်းနောက် KBC မိုင်းနား ဇုံနယ်ဖွံ့ဖြိုးရေးစခန်းကို ရောက်ရှိပြီး ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။ ထို့နောက် နေရပ်စွန့်ခွာရသူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်အား အမှတ်တရလက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ လန်ဆယ် ဒေသ ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက်ရှိပြီး ရေဘေးသင့် ကျောင်းသားကျောင်းသူများနှင့် စန်ကားကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ကြသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြား သည်။ ထို့နောက် ရေဘေးသင့်ပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လီဆူ တိုင်းရင်းသား ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ပြည်လုံးချမ်းသာ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မိဘမဲ့ပလောင်ကလေးငယ်များအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး ပလောင်ကိုရင်လေးများကို အချိုရည်ကပ်လှူသည်။ ကလေးငယ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကချင်ရိုးရာ အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့ ဒီကိုရောက်လာတဲ့အခါမှာ အခြေအနေကို ကြည့်ပြီးတော့ ဘယ်လိုကောင်းအောင် လုပ်သွားမလည်းဆိုတဲ့ အဖြေကို ရှာတာပါ။ တကယ်အဓိက ကျတဲ့အဖြေက ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့ပါပဲ။ ငြိမ်းချမ်းရေးရမှ ဒီလို IDP စခန်းတွေအားလုံးကို ကျွန်မတို့ ပိတ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်းနေနိုင်မှာ ဖြစ်ပါတယ်။ အဲ့တော့ မရခင်ကာလမှာ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ပညာရေးကိုတော့ ကျွန်မတို့အဓိကထားချင်ပါတယ်။ ဒီတော့ ကျွန်တို့ရဲ့ IDP Camp တွေအားလုံးဟာ ပညာရေးကို ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ အဓိကထားပြီးတော့ ဘယ်နေရာမှာ ကျောင်းနေအရွယ်ကလေး ဘယ်နှစ်ယောက် ရှိလည်း ဒီကလေးတွေဟာ ပညာသင်ကြားဖို့ အခွင့်အရေး ရသင့်လားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါက ရေရှည်အတွက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျန်းမာရေး ဆိုတာကလည်း ရေရှည်အတွက်ပါ။ငယ်ငယ်တုန်းက ကျန်းမာရေးကောင်းမှ အသက်ကြီးလာတဲ့ အခါကြရင်လည်း ကျန်းမာရေးကောင်းမှာ ဖြစ်ပါတယ်။
ကျွန်မတို့က ဒီမိုကရေစီ အစိုးရ။ ဒီမိုကရေစီအစိုးရ ဆိုတာက ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့တက်ပြီးတော့ တာဝန်ယူနေတဲ့ အစိုးရဖြစ်နေပါတယ်။ အဲ့တာကြောင့် ပြည်သူလူထုရဲ့ မဲတွေအရ တက်ပြီးတော့ တာဝန်ယူတဲ့ အစိုးရမို့လို့ ပြည်သူလူထုပေါ်မှာတာဝန်ရှိသလို ပြည်သူကလည်း ပံ့ပိုးပေးဖို့ တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တင်လိုက်တဲ့ အစိုးရက အလုပ်လုပ်နိုင်ဖို့ဆိုတာကလည်း ကိုယ်ကလည်း ကူညီရတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ကို တင်ထားတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကျွန်မတို့က တာဝန်ယူရမယ်။ နှစ်ဦးနှစ်ဖက်တာဝန်ယူမှုနဲ့ ကျွန်မတို့ အလုပ်လုပ်မှ ဖြစ်မှာပါ။ ကျွန်မခဏခဏ ပြောပါတယ်။အစိုးရလက်ထဲ အားလုံးထည့်ထားချင်တယ်။ အစိုးရ ပဲ အားလုံးလုပ်ပေးဆိုလို့ရှိရင် ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်တွေဘယ်မှာကျန်တော့မလဲ။ အဲ့တော့ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် အားကိုးနိုင်တဲ့ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်မတ်တပ်ရပ်နိုင်တဲ့ ပြည်သူတွေ ဖြစ်စေချင်တယ်။ ကိုယ့်ကိုကိုယ် အားကိုးနိုင်မှ ကိုယ့်ဘဝအတွက် ကိုယ်လုံခြုံမှု ရှိမှာ။ အခြားလူကို အမြဲအားကိုးနေရတယ်ဆိုရင် ကိုယ့်ဘဝအတွက် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး။ အစိုးရကိုချည်းပဲ အားကိုးနေလို့ မဖြစ်ဘူး။ ပုဂ္ဂလိက အဖွဲ့အစည်းတွေ လူသားချင်းစာနာမှုအရ လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို လည်း အားကိုးလို့မဖြစ်ဘူး။ ဒါတွေက ဘယ်တော့မှ ရေရှည်မှာ ကိုယ့်အနေနဲ့ စိတ်ချယုံကြည်ရမှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အားကိုးရမယ်။ အဲ့တော့ ကိုယ့်ကိုကိုယ် အားကိုးနိုင်ဖို့ အတွက် ကျွန်မတို့ကနေပြီးတော့ လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်။ အခု ကျွန်မတို့ စခန်းကိုလာတယ်ဆိုတာ ကလည်း ကျွန်မတို့က အားပေးစကားပြောဖို့ လာတာလည်းဖြစ်တယ်။ နောက်ပြီးတော့ တာဝန်တွေနဲ့ ပက်သက်လို့ သတိပေးဖို့လာတာလည်းဖြစ်ပါတယ် ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က" အခွင့်အရေးကို လိုချင်ရင် ကိုယ့်တာဝန်လည်း ကိုယ်ကျေရမယ်။ ဒါမှ ဒီရပိုင်ခွင့်ကို ကိုယ်ကနေပြီးတော့ မိမိရရ ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကိုယ် မကျေလို့ရှိရင် ကိုယ်ရထားတဲ့ ရပိုင်ခွင့်တွေ ဟာ ဘယ်တော့ လက်တွေ့သွားနိုင်မလလဲဆိုတာ ပြောလို့မရပါဘူး။
စခန်းထဲက ပြည်သူတွေရဲ့ လက်ရှိစားဝတ်နေရေးသာ မဟုတ်ဘူး။ အလုပ်အကိုင်ရရှိရေးကို အဓိကထားပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပရိသတ်ထဲမှာ ရှိတဲ့ လုပ်ငန်းရှင်ပြည်သူများကလည်း ကျွန်မတို့ရဲ့ IDP Camp က ပြည်သူတွေကို အလုပ်ပေးပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီတော့ ဝင်ငွေလည်းမှန်မှန်ရမယ်။ အလုပ်လုပ်ရင်းနဲ့လည်း ကိုယ့်ရဲ့ အရည်အချင်းတွေ တက်လာမယ်။ နောက် ကိုယ့်ရပ်ကိုယ့်ရွာပြန်တဲ့အခါမှာ ကိုယ့်မှာ ပညာတစ်ခုတော့ ရပါတယ်။ ပညာဆိုတာဟာ ကျောင်းထဲမှာသင်မှ ပညာမဟုတ်ပါဘူး။ အလုပ်ခွင်အတွင်းမှာလည်း ကျွမ်းကျင်မှု ပညာရပြီးတော့ ပညာတတ်နိုင်တာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မတို့အနေနဲ့ IDP Camp ထဲက ပြည်သူပြည်သားတွေအတွက် ကျွန်မတို့ လုပ်ပေးချင်တဲ့ကိစ္စ ။ တပြိုင်ထဲမှာ ကျွန်မတို့ကနေပြီးတော့ Camp ထဲမှာရှိတဲ့ ပြည်သူပြည်သားတွေ ပြန်ပြီးတော့ လုပ်ပေးစေချင်တာလည်း ရှိပါတယ်။ စောစောက ကျွန်မပြောတာကတော့ ငြိမ်းချမ်းရေးအတွက်နော်။ ငြိမ်းချမ်းရေးကို အားပေးကြပါ။ ငြိမ်းချမ်းရေးကို အားပေးဖို့ဆိုတာ အခြေခံတစ်ခုကဘာလည်းဆိုတော့ အချင်းချင်း သင့်မြတ်အောင် နေဖို့ပဲ။ ငြိမ်းချမ်းရေးရဲ့အခြေခံက အချင်းချင်းသင့်မြတ်ခြင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက် မသင့်မြတ်လို့ရှိရင် ငြိမ်းချမ်းမှုဆိုတာဟာ မရှိနိုင်ဘူး။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားအားလုံး၊ ပြည်ထောင်စုသားများအားလုံးဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးတိုးတက်ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် ဘာတွေလုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြပါ။ မေးပြီးတော့ ကိုယ်ကနေပြီးတော့ လုပ်နိုင်သမျှကို လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ လူတိုင်း၊ လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ်။ ခက်ခက်ခဲခဲနဲ့ ဖြစ်လာတဲ့လူ့ဘဝကို တန်ဖိုးရှိရှိနဲ့သုံးဖို့ဆိုတာ တစ်ယောက်ချင်း၊ တစ်ဦးချင်းရဲ့ တာဝန်ဖြစ်ပါတယ် ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment