Wednesday, March 29, 2017

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တစ်နှစ်တာ အတွင်း ပြု ပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများ



တွေ့ဆုံမေးမြန်း - သွန်းဝဿန်
ဓာတ်ပုံ - မေဦးမိုး၊ လျှပ်စစ်နှင့် စွမ်းအင်
ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် အခြားသော ကဏ္ဍပေါင်းများစွာကို ပြောင်းလဲပေးနိုင်သည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ တစ်နှစ်တာ ကာလအတွင်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့မှုများကို သိရှိနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအား သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မေး။ ။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့ အပိုင်းတွေကို အရင်ဦးဆုံး ပြောပြပေးစေချင်ပါတယ်ရှင့်။
ဖြေ။ ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ လျှပ်စစ်ကဏ္ဍမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနဲ့ ဖြန့်ဖြူးခြင်း လုပ်ငန်းများပါဝင်ပြီး စွမ်းအင်ကဏ္ဍတွင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ ရေနံထွက် ပစ္စည်းများ ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူး ရောင်းချခြင်းကို တာဝန်ယူဆောင် ရွက်နေပါတယ်။
ဝန်ကြီးဌာနအနေနဲ့ တစ်နှစ်တာ ကာလအတွင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို အသစ်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံပြီး လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ခြင်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လျှပ်စစ် ဓာတ်အားလိုင်းနဲ့ ခွဲရုံတွေကို တိုးချဲ့ အဆင့်မြှင့်တင် တည်ဆောက်ခြင်းနဲ့ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေပြီး ပိုမိုတိုးတက် ပို့လွှတ်နိုင်ဖို့နဲ့ ဓာတ်အား ဖြန့်ဖြူးရာမှာ တည်ငြိမ်တဲ့ ဗို့အားနဲ့ တိုးတက် ဖြန့်ဖြူးပေးနိုင်ဖို့ အကောင် အထည်ဖော်ခြင်း၊ ရှုပ်ထွေး ဆားဗစ်ကြိုးများ ရှင်းလင်းခြင်း လုပ်ငန်းတွေကို အဓိက ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မေး။ ။ လျှပ်စစ်ကဏ္ဍမှာ လျှပ်စစ်တိုးမြှင့် သုံးစွဲနိုင်ဖို့ ဆောင်ရွက်ချက်နဲ့ တစ်နှစ်တာအတွင်း ဓာတ်အား တိုးချဲ့ဖြန့်ဖြူးတဲ့ အခြေအနေကိုလည်း ပြောပြပေးပါရှင့်။
ဖြေ။ ။ တစ်နှစ်တာအတွင်း ဓာတ်အား ၃ဝ၁ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်ခဲ့ပြီး ဓာတ်အား စနစ်ကောင်းမွန်ဖို့အတွက် ၂၃ဝ ကေဗွီနဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၃၈ ဒသမ ၅၇ မိုင်နဲ့ ခွဲရုံ ၁၈ ခုတို့ကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ မြို့ပေါင်း ၁ဝ မြို့၊ ကျေးရွာ ၃၃၃ ရွာကို တစ်နှစ်တာအတွင်း ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးသုံးစွဲသူ ၁ဝ ဒသမ ၈၇ သန်းရှိတဲ့ အနက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ သုံးစွဲသူ ၃ ဒသမ ၆၉ သန်းရှိရာမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ၄ ဒသမ ဝ၅ သန်းအထိ သုံးစွဲ နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၂၄ ရာခိုင်နှုန်းခန့် တိုးတက် ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။
မေး။ ။ စွမ်းအင်ကဏ္ဍမှာရော ပြည်တွင်း အကျိုးအတွက် စွမ်းအင် ဘယ်လောက် ထုတ်လုပ်နိုင်ပြီး သုံးစွဲခွင့် ရရှိခဲ့ပါသလဲ။
ဖြေ။ ။ စွမ်းအင်ကဏ္ဍ ကုန်းပိုင်းနဲ့ ရေနံ ရှာဖွေတူးဖော်ရေးအတွက် လုပ်ကွက် ၂၇ ကွက်မှာ နိုင်ငံခြား ရေနံကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။ တစ်နှစ်တာ ကာလမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေတွေမှာ တွင်း ၂၉ တွင်း တူးဖော်ခဲ့ပြီး ၁၂ တွင်း အောင်မြင်ခဲ့ပါတယ်။ ကုန်းပိုင်းနဲ့ ကမ်းလွန်စီမံကိန်းကနေ ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကို အရင် က ပြည်တွင်းသုံး အတွက် တစ်ရက်ကို ကုဗပေ သန်း ၁၅ဝ ကနေ ၂ဝဝ အထိသုံးခဲ့ရာက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကနေစပြီး ကုဗပေ ၂၃၃ သန်းထိ သုံးစွဲနိုင်ခဲ့ပါတယ်။ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေအတွက် ကုဗပေ သန်း ၃ဝ၊ စက်မှုကဏ္ဍ အတွက် ကုဗပေ သုံးသန်း စုစုပေါင်း ကုဗပေ ၃၃ သန်း ပိုမိုသုံးစွဲနိုင်ခဲ့တဲ့ အပြင် ပို့ဆောင်ရေး ကဏ္ဍမှာလည်း အများ ပြည်သူသုံး ခရီးသည်တင် မော်တော်ယာဉ် ၁၄၃ စီးကိုလည်း CNG တိုးမြှင့် ဖြန့်ဖြူးပေး နိုင်ခဲ့ပါတယ်။
မေး။ ။ ရေနံဓာတ်ငွေ့ရည်ဆိုင်ရာ လုပ်ငန်းတွေအတွက် ခွင့်ပြုထားတဲ့ လုပ်ငန်း အခြေအနေတွေကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းမှာ လိုင်စင် အမျိုးအစား ငါးမျိုးကို ၂ဝ၁၆ ခုနှစ် မေလမှစပြီး စိစစ် ခွင့်ပြုပေးလျက် ရှိပါတယ်။ ဒီနေ့အထိ ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်းသိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း တွေအတွက် တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် (ခ-လိုင်စင်)ကို ပုဂ္ဂလိက ကုမ္ပဏီ ၁၉ ခုကို လည်းကောင်း၊ ဖြည့်တင်းပြီး ရေနံ ဓာတ်ငွေ့ရည်အိုးတွေကို သိုလှောင်ရုံနဲ့ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း (ဃ-လိုင်စင်)ကို ပုဂ္ဂလိကကုမ္ပဏီ ၆၈ ခု ကိုလည်းကောင်း၊ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်အိုးတွေကို တိုက်ခန်း၊ ဆိုင်ခန်းတွေနဲ့ သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း (င-လိုင်စင်)ကို ပုဂ္ဂလိကကုမ္ပဏီ ၄၃၆ ခုကို လည်းကောင်း စုစုပေါင်း ၅၂၃ ဆိုင်ကို ယာယီလိုင်စင်များ ထုတ်ပေးထားပြီး အရောင်းဆိုင်တွေကို တစ်နိုင်ငံလုံးမှာ ကြပ်မတ် စစ်ဆေးလျက် ရှိပါတယ်။
ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း ယာယီလိုင်စင်တွေကို အခမဲ့ထုတ်ပေးနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ နဲ့ ပူးပေါင်းပြီး ယာယီလိုင်စင် ၁၅၆ ခုအထိ ချထားပေးနိုင်ပါတယ်။ မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကို အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့တဲ့ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၆၁ ဆိုင်ရှိပါတယ်။ တစ်နှစ်တာ ကာလအတွင်းမှာ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်နဲ့ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၅၆ ဆိုင်၊ စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်နဲ့ ပုဂ္ဂလိက စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရေးစခန်း နှစ်ခု၊ ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် သုံးခုနဲ့ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၁၁ ခုတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပေးဝေနိုင်တဲ့ပမာဏနဲ့ လိုအပ်ချက်တွေကိုလည်း သိလိုပါတယ်ရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁ဝ ဒသမ ၈ သန်းရှိတဲ့အနက် ၃၇ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ၆၃ ရာခိုင်နှုန်းက လိုအပ်လျက် ရှိပါတယ်။ လက်ရှိမှာ National Electrification Plan- NEP အရ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၃၁ဝ နဲ့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ နှစ်စဉ် မြင့်တက်နေပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို ပိုပြီး တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်အောင် ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်တွေပါဝင်တဲ့ Energymix ကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိ ဖြန့်ဖြူး ပေးဝေနိုင်အောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရှိရင်လည်း ပြောပြပေးပါရှင့်။
ဖြေ။ ။ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်ကနေ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်း အဖြစ် ၁၁ ကေဗွီ ဓာတ်အားလိုင်းကနေ နှစ်မိုင် ပတ်လည်ကျေးရွာ ၅ဝ၈ဝ မှာရှိတဲ့ အိမ်ထောင်စု ၆၂၆၇၅၈ စုကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာလည်း ဒေသတွင်း ဖွံ့ဖြိုးရေးစီမံကိန်းအဆင့် (၁) အနေနဲ့ JICAက ပေးအပ်တဲ့ ချေးငွေ ဂျပန် ယန်း ၄ ဒသမ ၅၇၁ ဘီလီယံကို အသုံးပြုပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်နေပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်းတောင်ကြီး၊ လွိုင်လင်နဲ့ လင်းခေးခရိုင်တွေမှာရှိတဲ့ ကျေးရွာ ၄ဝ၆ ရွာ၊ အိမ်ထောင်စုဝင် ၃၅၉၈၃ ဦးတို့ အတွက် လျှပ်စစ်မီးရရှိရေးကို ဂျာမနီနိုင်ငံ အစိုးရရဲ့ KfW (IDA) ချေးငွေယူရိုသန်း ၃ဝ နဲ့ ဆောင်ရွက်နေပါတယ်။
မေး။ ။ ဓာတ်အား အပြည့်အဝရရှိရေး နဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက် ပေးနေတာတွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိကဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံမှု ကိုတိုးမြှင့်ဆောင်ရွက်လို့ လက်ရှိ တစ်ယူနစ် ရောင်းချတိုင်း ၂၁ ကျပ် အရှုံးပေါ်နေတာကို ကာမိဖို့ ထိန်းသိမ်းပေးနေပါတယ်။ ဓာတ်အား လိုအပ်ချက်ကို လျှော့ချနိုင်ဖို့ စွမ်းအင်ချွေတာ ရေးနဲ့ ထိရောက်စွာအသုံးချရေးကို ပြည်သူတွေ သိရှိလာဖို့ အသိပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဓာတ်အားပျောက်ဆုံးမှု ဖြစ်မလာအောင် လျှပ်စစ်ဓာတ်အားကို တရားမဝင် ချိတ်ဆက် သုံးစွဲနေတာတွေကို ကာကွယ်နိုင်ဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။
မေး။ ။ လျှပ်စစ်ဓာတ်အားပေးဝေခြင်း လုပ်ငန်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ နေရပါသလဲ။
ဖြေ။ ။ လက်ရှိမှာ ရေအားကို အဓိက ထားပြီး ဒုတိယမှာ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေပါတယ်။ ဈေးနှုန်း သက်သာပေမယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲ တွေ ရှိပါတယ်။ တည်ဆောက်ချိန်ကြာမြင့်ပါ တယ်။ ရာသီဥတုအခြေအနေအရ ဓာတ်အား လိုအပ်ချက်အပေါ်မူတည်ပြီး မောင်းနှင်ဖို့ အခက်အခဲရှိပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ အများကြီးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။
သဘာဝဓာတ်ငွေနဲ့ ဓာတ်အားထုတ်ရာ မှာဆိုရင်လည်း လက်ရှိစက်ရုံတွေရဲ့ စွမ်း ဆောင်ရည် ကျဆင်းလာတာ၊ ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်သူတွေထံကနေ ဓာတ်အားဝယ်ယူဖြန့်ဖြူးရလို့ နိုင်ငံတော်က ပိုပြီးအရှုံးခံရတယ်။ Energymix မှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ကျောက်မီးသွေးကို ပြည်သူတွေရဲ့ သဘောဆန္ဒအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိဘူး။ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ ဓာတ်အားလိုင်းနဲ့ ခွဲရုံတွေ အဆင့်မြှင့်တင်ဖို့ ဘဏ္ဍာငွေလိုအပ်နေတယ်။ Energymix ကို အရင်ရေးဆွဲခဲ့ဖူးတဲ့ Long Term Energy Master Plan အတိုင်း အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိပါတယ်။
ကုန်းပိုင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှု သက်တမ်း ကြာမြင့်လာတဲ့အတွက် အထွက်နှုန်း ကျဆင်းလာခြင်း၊ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာခြင်းကြောင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ဝင်ငွေအပေါ် မှီခိုနေတဲ့ နိုင်ငံ့ဝင်ငွေ လျော့နည်းလာခြင်း၊ စီမံကိန်းများတိုးချဲ့ခြင်း၊ ရေနံအထွက်တိုးဖို့ တွင်းအသစ်တွေ ရှာဖွေ တူးဖော်ခြင်း စတဲ့အခက်အခဲတွေကို အဖြေရှာ ဆွေးနွေးလျက်ရှိပါတယ်။
မေး။ ။ လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေ ကိုရော စနစ်တကျ အသုံးပြုကြဖို့အတွက် ဘယ်လို အကြံဉာဏ်တွေပေးချင်ပါသလဲ။
ဖြေ။ ။ ၂ဝ၁၆ ခုနှစ် မတ်လကနေ ဒီနေ့အထိ လျှပ်စစ်ဓာတ်အား ပေါ့လျော့စွာသုံးစွဲမှုကြောင့် မီးလောင်မှု ၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တန်ဖိုး ၁ဝ ဒသမ ၃၄ ကျပ်သန်း ဆုံးရှုံးခဲ့ပါတယ်။ ဓာတ်လိုက်မှုဖြစ်စဉ်ပေါင်း ၂၄ဝ မှာ သေဆုံးသူ ၂ဝ၃ ဦးနဲ့ ဒဏ်ရာရသူ ၈၄ ဦး ရှိခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ လျှပ်စစ်ဆိုင်ရာ အသိပညာ အားနည်းမှုများရှိနေတဲ့အတွက် အသိပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေ ပေးပါတယ်။ ဟောပြောပွဲတွေ ပြုလုပ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ သတိပေးချက် တွေအပေါ်မှာ အထူးအလေးထားဆောင်ရွက်တာ အားနည်းနေရခြင်းကလည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်အတွင်းမှာ လျှပ်စစ်ဓာတ်အားသုံးစွဲဖို့အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေး ဦးစီးဌာန၊ EI (Electrical Inspection) လျှပ်စစ်စစ်ဆေးရေးဌာနအဖွဲ့ကနေ မွေးထုတ် ပေးနေတဲ့ အိမ်တွင်းဝါယာသွယ်တန်းခြင်း လုပ်ငန်း လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရ လုပ်သားတွေနဲ့ မီးသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
ဈေးနှုန်း သက်သာပြီး ဝန်အားမမျှတတဲ့ ဝါယာတွေနဲ့ ဈေးကွက်ထဲက အရည်အသွေးမပြည့်မီတဲ့ လျှပ်စစ်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနေတာ တွေကလည်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိ ရေးအတွက် အဟန့်အတားတွေ ဖြစ်ပါတယ်။
မေး။ ။ တစ်နှစ်တာအတွင်းမှာ ဝန်ကြီးဌာနအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရော ရှိပါသလား။
ဖြေ။ ။ ဝန်ကြီးဌာနအနေနဲ့ ဓာတ်အားခ ရောင်းချရာမှာ တစ်ယူနစ်ပျမ်းမျှ ၆၉ ဒသမ ၁၇ ကျပ်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်ကို တွက်ချက် ကြည့်ရင် တစ်ယူနစ်ကို ၈၉ ဒသမ ၃၉ ကျပ် ရှိတာကြောင့် ပြည်သူတွေ တစ်ယူနစ်သုံးစွဲတိုင်း ၂ဝ ဒသမ ၂၂ ကျပ်ရှုံးနေတာ ဖြစ်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် အရှုံးပေါ် မယ့် ငွေကျပ် ၃၃၃ ဘီလီယံနှင့် ဓာတ်အား ထုတ်လုပ်ရန် Gas ဖိုးကုန်ကျစရိတ်ကို ဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ်မှ သုံးစွဲပေးချေနေ တာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ဖို့ ငွေလုံးငွေရင်း အသုံးစရိတ်လျော့နည်းခဲ့တာကြောင့် လက်ရှိ ဆောင်ရွက်လျက်ရှိတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြီးတွေကို ပြီးစီးရမယ့် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တည်ဆောက်ရေးကာလပိုမိုကြာမြင့်မှု တွေကလည်း ကျွန်တော်တို့ကြုံတွေ့ရတဲ့ အခက်အခဲတစ်ရပ်ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ဓာတ်အားပေး စက်ရုံတွေကနေထွက်ရှိတဲ့ ဓာတ်အားကို ဖြန့်ဖြူးပေးဖို့အတွက် ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ တည်ဆောက်ရာမှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ပြီးစီးခဲ့ သည့် စီမံကိန်းလုပ်ငန်း ၆ဝ အတွက်ပေးချေဖို့ ငွေကျပ် ၅၉ ဒသမ ၁ ဘီလီယံ၊ ရင်းနှီးမြှုပ်နှံသူတွေ ဆောင်ရွက်တဲ့ ဆိုင်းငံ့ကာလပါဝင်တဲ့ အရစ်ကျငွေချေစနစ်နဲ့ ဆောင်ရွက်တဲ့ စီမံကိန်း ငါးခုအတွက် ပေးချေဖို့ ငွေကျပ် ၇၃ ဒသမ ၂ ဘီလီယံ၊ နိုင်ငံခြားချေးငွေနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းလုပ်ငန်း ခြောက်ခုအတွက် ပေးချေဖို့ ငွေကျပ် ၁၁ဝ ဒသမ ၅ ဘီလီယံ စတာတွေကို ကျခံသုံးစွဲရမှာဖြစ်လို့ စီမံကိန်းအသစ်တွေကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် စိန်ခေါ်မှုတွေရှိနေပါတယ်။
မေး။ ။ အခုရောက်ရှိတော့မယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးအပ်နိုင်ဖို့ စီစဉ်နေတာများ ရှိပါသလားရှင့်။
ဖြေ။ ။ နွေရာသီတွင် အမြင့်ဆုံး ဓာတ်အားလိုအပ်ချက်ကို မဂ္ဂါဝပ် ၃၁ဝဝ ခန့် ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ အမှန်တကယ်ဓာတ်အား ထုတ်လုပ်နိုင်မှုအခြေအနေကို လေ့လာကြည့် မယ်ဆိုရင် ၂၈၅၆ မဂ္ဂါဝပ်သာဖြစ်တဲ့အတွက် ဓာတ်အားလိုအပ်ချက် ၂၄၄ မဂ္ဂါဝပ်ခန့် ရှိလာ နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရတနာကမ်းလွန်ကနေရရှိတဲ့ သဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး စက်စွမ်းအား ကောင်းမွန်တဲ့ စက်တွေနဲ့ လည်ပတ်လိုက်ရင် သဘာဝဓာတ်ငွေ့ တစ်ကုဗပေသန်းမှာ လေး မဂ္ဂါဝပ် ထွက်ရှိပေမယ့် EGAT စက်တွေ လည်ပတ်တဲ့အခါ နှစ်မဂ္ဂါဝပ်သာထွက်ရှိတာကြောင့် လက်ရှိရရှိနေတဲ့ဓာတ်ငွေ့တွေကို အသုံးပြုပြီး စက်စွမ်းအားကောင်းမွန်တဲ့စက်တွေ အသုံးပြုပြီး ဦးစားပေးမောင်းနှင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နွေရာသီကာလ ဓာတ်အားလုံလောက်မှုရှိစေဖို့အတွက် ရတနာ ကမ်းလွန်ကနေရရှိမယ့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၃ဝ ကို အသုံးပြုပြီး EGAT ဓာတ်အားပေးစက်နဲ့ မောင်းနှင်လည်ပတ်ပြီး ဓာတ်အားစနစ်အတွင်းကို ၆၅ မဂ္ဂါဝပ် ထပ်တိုးပေးအပ်နိုင်ဖို့ လျာထားဆောင်ရွက် နေပါတယ်။
နိုင်ငံပိုင်စက်ရုံတွေ ရပ်တန့်ခြင်း၊ နိုင်ငံပိုင် နဲ့ ပုဂ္ဂလိကပိုင် သံမဏိနဲ့ သံရည်ကျိုစက်ရုံများရဲ့ ထုတ်လုပ်မှု ရပ်တန့်လျှော့ချခြင်းနဲ့ လျှပ်စစ် မြစ်ရေတင်စီမံကိန်းတွေမှာ ဝန်အားအများဆုံး သုံးစွဲချိန် အသုံးပြုခြင်းမရှိဘဲ ညဥ့်နက်ပိုင်း အချိန်မှသာ အသုံးပြုခြင်းဖြင့် ၁ဝဝ မဂ္ဂါဝပ် လောက် သုံးစွဲမှုလျော့နည်းသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးများမှာလည်း လမ်းမီးတွေကို တစ်တိုင်ကြား ထွန်းညှိလျှော့ချခြင်းနဲ့ ၂ဝ မဂ္ဂါဝပ်ခန့် ဓာတ်အားသုံးစွဲမှုလျော့နည်းသွားမှာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ လျှပ်စစ်ဓာတ်အားအသုံးပြုခွင့် လျှော့ချရမှုကို လျော့နည်းသက်သာစေမယ့် နည်းလမ်းက တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ပြီး ၆ဝ မဂ္ဂါဝပ်ခန့် ရရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကိုလည်း လျစ်လျူရှုလို့မရပါဘူး။ အဲဒါကြောင့် လာမယ့် ဧပြီလ၊ မေလနဲ့ ဇွန်လတွေမှာ ဝန်အားအများဆုံးသုံးစွဲချိန်တွေဆိုရင် အချိန်ပိုင်းအလိုက် အလှည့်ကျဝန်အားလျှော့ချတဲ့ စနစ်ကို ကျင့်သုံးပြီး ဓာတ်အားစနစ်အတွင်း ဓာတ်အားသုံးစွဲမှု ၆ဝ မဂ္ဂါဝပ် လျော့နည်းစေ ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုအချိန်မှာ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေကနေ ဓာတ်အားကို ပိုမိုထုတ်လုပ်ပြီး ရေအားလျှပ်စစ်စက်ရုံတွေရဲ့ ဓာတ်အား ထုတ်လုပ်မှုကို ထိန်းညှိလျှော့ချပြီး ဆည်ရေ စုဆောင်းသွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း လာမယ့်နွေရာသီအတွက် ဓာတ်အားလိုအပ် ချက်ကို ရေအားစက်ရုံတွေကနေ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားလိုတဲ့အချက် တွေရှိရင်လည်း ပြောနိုင်ပါတယ်ရှင့်။
ဖြေ။ ။ တစ်နှစ်တာအတွင်းမှာ လျှပ်စစ် နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ချက်တွေက အများကြီးရှိပါတယ်။ ပြည်သူလူထုအပြည့်အဝကျေနပ်မှုရရှိမယ်လို့ မမျှော်လင့်ပေမယ့် ပြည်သူတွေကို ဝန်ဆောင်မှု ပေးရတဲ့ ဝန်ထမ်းတွေပီပီ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍအပေါ်မှာ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

No comments:

Post a Comment