Wednesday, March 8, 2017

မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း


မုံရွာ       မတ်   
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာဖြစ်သော ဘုဘ ကျေးရွာအုပ်စု၊ ချမ်းသာကျွန်းကျေးရွာ ကျေးရွာအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အ ထည်ဖော် ရေး လုပ်ငန်းကော်မတီမှ ဘဏ္ဍာရေးမှူးသည် ကျေးရွာရာအိမ်မှူးဖြစ်သွားသောကြောင့် ၎င်းနေရာအား အစားထိုး ရွေးချယ်ခြင်းကို ဒေသခံများ၏ သဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ခြင်းအခမ်းအနားအား မတ်လ(၇) ရက်နေ့ က ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါအခမ်းအနားအား မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ် ချို၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-မြို့နယ်မှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါက်တာစည်သူသန်းထွန်း၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင့်ဖြူဖြူအောင်နှင့် တာဝန်ရှိဝန်ထမ်းများ ကွင်းဆင်းရွေးချယ်ပေးခဲ့ကြသည်။
“ချမ်းသာကျွန်းကျေးရွာတွင် အိမ်ခြေ-၁၉၈ ရှိပြီး မြစိမ်းရောင်အရင်းမပျောက် မတည်လည်ပတ်ရန် ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ စီမံကိန်းကာလ (၁)နှစ် (၅)လအတွင်း အတိုးရရှိငွေ ကျပ်သိန်း(၈၀)ခန့်ရရှိလျက်ရှိပြီး (၃)နှစ်သက်တမ်းပြည့်ပါက ရရှိလာသောအတိုးငွေများမှ တစ်ဝက်ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကျန်တစ်ဝက်ကို ဒေသခံများအား ဆက်လက်ချေးပေးသွားမည်ဖြစ်သည်”ဟု ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ချိုက ပြောသည်။
ယင်းနောက် မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချမ်းသာကျွန်း-နတ်ကြီးကျွန်း-တဲတိုက် ကျေးရွာ ဆက်သွယ်သောလမ်းအား ဂျင်းလမ်းပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဆက်လက်၍ နတ်ကြီး ကျွန်းကျေးရွာအုပ်စု တဲတိုက်ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အဆင်ပြေအောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်း စစ်ဆေးကြည့် ရှုခဲ့ကြောင်း သိရသည်။
 (ဖိုးချမ်း-မုံရွာ)


No comments:

Post a Comment