ပုသိမ်ကြီး မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊
ရွှေစာရံကျေးရွာအနီးရှိ ရွှေစာရံဘုရားပွဲတော်ကြီးကို နှစ်စဉ်တပေါင်း လပြည့်မှ လပြည့်ကျော်
၉ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပွဲတော်ရက် မတိုင်မီကပင် လာရောက် လည်ပတ်သော
ဘုရားဖူးပြည်သူများ စည်ကားလျက် ရှိကြောင်း သိရသည်။
‘’ဒီအညာဒေသ ရွှေစာရံဘုရားပွဲတော်ကြီးကို
နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပါတယ်၊
ခုပွဲတော်ရက်တောင် မရောက်သေးဘူး လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူ တွေ စည်ကားလျက်ရှိပါတယ်၊
တပေါင်းလဆန်းကတည်းက ရှမ်းတိုင်းရင်းသားလူမျိုးများ ဈေးဆိုင်တွေရော၊ ၁၂ပွဲ ဈေးသည်တွေ
စတင်လာရောက်ပြီး ဈေးဆိုင်ခန်းများ စတင်ရောင်းချနေပါပြီး၊ ရှမ်းတိုင်းရင်းသားရိုးရာ
အ၀တ်အထည် များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရှမ်းဒေသထွက်ကုန်တွေ၊ အစား အစာတွေ ၊ ရှမ်းတိုင်းရင်းဆေးဝါး
အသုံးအဆောင် ပစ္စည်းတွေ ရောင်းချလျက်ရှိပါတယ်၊ ရွှေစာရံပွဲတော်ရဲ့ အဓိကအထိမ်းအမှတ် ပစ္စည်းကတော့
ထန်းရွတ်ပုတီးနဲ့ ထန်းရွတ်ငါးတို့ပဲဖြစ်ပါတယ်၊ ဒီနှစ်ဘုရားပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း
(၁၀၀၀) ကျော် ရှိကြောင်း၊ ဆိုင်ခန်း တစ်ခန်း လျှင် မြန်မာဆိုင်ခန်းတစ်ခန်းကို ငွေကျပ်တစ်သောင်းခွဲ၊
ရှမ်းတိုင်းရင်းသားတွေ အတွက် ငွေကျပ်တစ် သောင်းနှုန်း သတ်မှတ်ထားပါတယ်၊ ပွဲတော်ကာလမှာယာဉ်ကြောကြပ်တည်းမှု
မဖြစ်ဆောင် အရှည် ၁ မိုင် ၂ ဖာလုံခန့်ရှိ မြေသားကွင်း လမ်းကို အ၀င်မုခ်ရှေ့နားက တောင်ဘက်ကွေ့ပြီး
အရှေ့တက်လိုက်ရင် ခရိုင်ချင်းဆက် လမ်းထိ မြေသားကွင်း လမ်းဆောင်ရွက်ထားပါတယ်၊ ပွဲတော်လာပြည်သူများ
သန့်ရှင်းရေးအတွက် အဆင်ပြေစေရန် ယခုနှစ် တွင် ပတ်ကားသန့်စင်ခန်း (၁၈) လုံးထပ် မံဆောင်ရွက်ထားကြောင်း၊
ရပ်ဝေးမှ ဘုရားဖူးပြည်သူများအတွက် ရွှေစာရံ ဘုရားအနီးရှိ အေးမေတ္တာဓမ္မာရုံ၊ သောင်းဓမ္မာရုံများတွင်
အခမဲ့တည်းခိုနိုင် ကြောင်း၊ တပေါင်းလပြည့်ကျော် ၅၊၆၊၇၊၈ ရက် ညများတွင် ဇာတ်ပွဲများဖြင့်
အခမဲ့ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ‘’ ရွှေစာရံစေတီတော် ဂေါပကဥက္ကဌ ဦးပြေငြိမ်း က ပြောကြားသည်။
ရွှေစာရံစေတီတော်အား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏
မိဖုရားတစ်ပါးဖြစ်သော ရှမ်းမင်းသမီး စောမွန်လှ တည်ထားသောဘုရားတစ်ဆူဖြစ်ပြီး ရှမ်းလူမျိုးများ
အများအပြားလာရောက်သော ပွဲတော်တစ်ခု ဖြစ်ရာ ရှမ်းရိုးရာ ယဉ်ကျေးမှုထုံး တမ်းအစဉ်အလာအရ
ရှမ်းအိုးစည်ဝိုင်းဖြင့် ကပြ ဂါဝရပြုကြကြောင်း
သိရသည်။ ရွှေစာရံဘုရားပွဲတော် သည် နှစ်စဉ်မြန်မာပြည်အနှံ့ ဘုရားဖူးပြည်သူများ လာရောက်လျက်ရှိရာ
ကြိတ်ကြိတ်တိုး စည်ကားသောပွဲတော် တစ်ခုဖြစ် သောကြောင့် ပွဲတော်ကာလအမီ ယာဉ်ကြောကျပ်တည်းမှုများ
ဖြေလျော့နိုင်ရန် ပုသိမ်ကြီးမြို့နယ်နှင့် ကျောက်ဆည် ခရိုင်ချင်း ဆက်လမ်း ဖောက်လုပ်ဆောင်ရွက်
ထားရှိမှု၊ ဂေါပကအဖွဲ့၏ မြေသားကွင်းလမ်းများ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment