Friday, March 24, 2017

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ


ရန်ကုန် မတ် ၂၄
ပုဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် မတ် ၂၃ရက် မှ ၂၄ရက်အထိ ကျင်းပခဲ့ပြီး ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပုဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးသာမက ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ပုဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များ၏ အခက် အခဲများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ မဏ္ဍိုင်(၅)ရပ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊  နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂလိကကဏ္ဍကို အရှိန်အဟုန်ဖြင့် အားပေးမြင့်တင် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍ အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် မျှတသည့် ဈေးကွက် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက်လည်း မူဝါဒများကို ခေတ်နှင့်လျော် ညီအောင် ပြင်ဆင်ရေးကို ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု မြင့်တင် နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက် ထိုးဖောက် ယှဉ်ပြိုင်နိုင်ရေး တို့အတွက် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင် လုပ်သားများ၏ အခန်းကဏ္ဍကိုလည်း အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး လူငယ်၊ လူရွယ်များအား အခြေခံရုပ်ဝတ္ထုပိုင်း ကျွမ်းကျင်မှုများ (Hard Skills)နှင့် စဉ်းစားတွေးခေါ်မှုပိုင်း ကျွမ်းကျင်မှုများ (Soft Skills)ကို လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်ရေးမှာလည်း အလွန်အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ရာတွင် Public နှင့် Private များ၏စွမ်းရည်များကို ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
နှီးနှောဖလှယ်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment