Friday, March 24, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့သို့ ရောက်ရှိ


ဘိုအော မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒုတိယ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms.Li Xiaoyan နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နယ်ပြည်နယ် စန်းယမြို့သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ ဟိုင်နန်ပြည်နယ် စန်းယမြို့ ဒုတိယမြို့တော်ဝန် မစ္စတာဟဲရှီဂန်းနှင့် တာဝန်ရှိသူများက စန်းယအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်တို့နှင့်အတူ စန်းယဘူတာမှ ဘိုအောမြို့သို့ အထူးအမြန်ရထားဖြင့် ဆက်လက် ထွက်ခွာကြရာ ညနေပိုင်းတွင် ဘိုအောမြို့သို့ ရောက်ရှိကြသည်။
၂၀၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်ကို မတ် ၂၃ ရက်မှ ၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ၄ ရက်ကြာ ကျင်းပလျက်ရှိသည်။ ယခုနှစ် ဘိုအောဖိုရမ်၏ ခေါင်းစဉ်မှာ Globalization & Free Trade: The Asian Perspectives ဖြစ်ပြီး Globalization, Growth, Reform နှင့် New Economy ဟူ၍ အပိုင်း ၄ ပိုင်းခွဲကာ ဆွေးနွေး သွားမည်ဖြစ်သည်။
ဘိုအောဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖိတ် ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ စီးပွားရေးအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment