Tuesday, March 7, 2017

ပွင့်ဖြူမြို့အနောက်ဘက်ရှိမုန်းချောင်းကူးတံတား တည်ဆောက်ရေး အခက်အခဲဖြစ်နေ

ပွင့်ဖြူ  မတ် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့အနောက်ဘက်ရှိ မုန်းချောင်းကူးတံတားအား မြို့ပေါ်နေအလှုရှင်မှ မုန်းချောင်း အနောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် သစ်သား/ကြမ်းခင်း ယာယီတံတား တည်ဆောက်ရေးတွင် ကူးတို့လိုင်စင်ရသူများမှ ကန့်ကွက်သဖြင့် အခက်အခဲတွေ့ကြုံနေရသည်။

အဆိုပါ တံတားတည်ဆောက်ပေးနိုင်ခဲ့လျင် မုန်းချောင်းအနောက်ဘက်ရှိ သမန်းရင်းကျေးရွာ၊ထူးကျေးရွာ၊ သမုန်းကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ မုန်းဇလဲကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာများမှ  ဈေးသည်များနှင့် ကျောင်းသား/ကျောင်းသူများ ပွင့်ဖြူမြို့ပေါ်သို့ အလွယ်တကူ သွားလာဆက်သွယ်နိုင်မည်ဖြစ်သည်။
သရက်ကုန်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ “  မုန်းအနောက်ဘက်ခြမ်းမှာ ငှက်ပျော၊ ပဲမျိုးစုံနှင့် ဟင်သီးဟင်ရွက်တွေ ထွက်ရှိပြီး ပွင့်ဖြူမြို့မဈေးကို သွားရောင်းရတာ၊ မုန်းချောင်းကို ရေကြီးတဲ့အချိန် လှေနဲ့ ဖြတ်ကူးရတယ်၊ ရေကျချိန် ဆောင်တွင်း ရာသီမှ ရေအနက် (၅)ပေမှ (၆)ပေလောက်ပဲရှိတော့ ကုန်ပစ္စည်း ခေါင်းပေါ်ရွက်ပြီး ဖြတ်ကူးကြတာများတယ်၊အချို့ လှေနဲ့ကူး တာရှိတယ်၊ ကျွန်တော်တို့ဘက်မှာက ပညာရေးအနေနဲ့ မူလတန်းအဆင့် ပဲရှိတော့ ပွင့်ဖြူ အ.ထ.ကကျောင်းကို အလယ်တန်း အဆင့်နဲ့၊ အထက်တန်းအဆင့် ကျောင်းသွားတက်ရတယ်၊ ကျောင်းသား/သူတွေလည်း လှေနဲ့တစ်ချို့၊ မုန်းချောင်းရေထဲ ဖြတ်ကူးတာတစ်ချို့ သွားလာနေရတယ်၊ မြို့ပေါ်မှ အလှူရှင် နှစ်စဉ် သစ်သား/၀ါးကြမ်းခင်း ယာယီတံတားထိုးပေးတယ်၊ ဆိုင်ကယ်၊စက်ဘီးနဲ့ ခြေလျင်သွားသူတွေ၊ ကျောင်းတက်တဲ့ ကျောင်းသား/ကျောင်းသူတွေ အဆင်ပြေတယ်၊ နောက်ပိုင်း ကူးတို့လိုင်စင်ချထားတော့ လိုင်စင်ရသူက တံတား အထိုးမခံဘူးလေ၊ အဲဒါကြောင့် မုန်းအနောက်ဘက်ခြမ်းနေ ဒေသခံပြည်သူတွေ သွားလာမှုအဆင်ပြေပြီး စီးပွားရေး၊ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် သက်ဆိုင်ရာဌာနမှ လာရောက် ညှိနှိုင်း ဆောင်ရွက်ပေးစေချင်းပါတယ်” ဟုပြောသည်။
ပွင့်ဖြူမြို့နှင့် မုန်းချောင်းအနောက်ဘက်ခြမ်းရှိ ကျေးရွာများ ဆက်သွယ်သည့် မုန်းချောင်းကူး ယာယီတံတား အား အလှူရှင်၏ လှူဒါန်းမှုဖြင့် ယာယီတံတား တည်ဆောက်ခွင့်ရရှိမည်ဆိုပါက ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ ပွင့်ဖြူမြို့ပေါ်သို့ ပွင့်လင်း ရာသီကာလများတွင် အလွယ်တကူဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

No comments:

Post a Comment