Wednesday, March 8, 2017

သောင်ထွန်းမြေရိုင်းများကို အနီးစပ်ဆုံးတွင် နေထိုင်သူ ဒေသခံများ အနေဖြင့်ဥပဒေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ၊ ညွန်ကြားချက်များနှင့်အညီ လျှောက်ထားနိုင်


နေပြည်တော် မတ် ၈
ရန်ကုန်(တောင်ပိုင်း) ခရိုင်အတွင်း ကျောက်တန်း၊ ခရမ်းနှင့် သုံးခွမြို့နယ်များရှိ မုတ္တမပင်လယ်ကွေ့အနီး ပေါ်ထွန်းလာသည့် သောင်ထွန်းမြေများကို  တောင်သူများအတွက် လုပ်ပိုင် ခွင့်ပြုပေးနိုင်ရန် မြေပြင်ကွင်းဆင်းစိစစ် ဆောင်ရွက်ပြီး မြေနု၊ မြေရင့် ခွဲခြားပြီးမှသာ မြေတိုင်းတာ၍ မြေပုံများရေးဆွဲဆောင်ရွက်ရပါကြောင်း၊ မြေရင့်အဖြစ်တည်ရှိနေသော မြေဧရိယာများကို
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လုပ်ကိုင်ခွင့်သို့မဟုတ် အသုံးပြုခွင့် လျှောက်ထားမှုအပေါ် စိစစ်လုပ်ကိုင် ခွင့်ပေးရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောသည်။
ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏  ကျောက်တန်း၊ ခရမ်းနှင့် သုံးခွမြို့ တို့တွင် ပေါ်ထွန်းလာသော သောင်ထွန်းမြေဧကကို ပြန်လည်စိစစ်တိုင်းတာ၍ ပြည်သူ များကိုပွင့်လင်းမြင်သာစွာ ကြေညာပေးပါရန်၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်၍ စည်းမျဉ်းဥပဒေများနှင့်အညီ စစ်ဆေးကြပ်မတ်ရန် သောင်ထွန်းမြေများကို  စုပေါင်းလယ်ယာများလုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး က ထိုသို့ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ၂၀၁၇-၂၀၁၈ ခုနှစ် ပွင့်လင်းရာသီ၌ မြေနု၊ မြေရင့် ခွဲခြားရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြေရင့်ဧရိယာ များကိုသာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မြေတိုင်းရာသီ အတွင်း မြေပြင်ကွင်း ဆင်းတိုင်း တာနိုင်ရေး စီမံချက်ရေးဆွဲပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍  ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း။
၂၀၁၆ ခုနှစ်တွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကျေးရွာအုပ်စု (၇)စု၊ လူဦးရေ(၁၂)ဦး၊ ဧရိယာ ၃၂၉၈ ဒသမ ၀၈ ဧက ကို သဘာဝ မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ လုပ်ကိုင်ခွင့်ရရှိသူ (၁)ဦး ၊ဧရိယာ ဧက(၁၀၀၀) မှာ သတ်မှတ်ကာလအတွင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်လုပ်ပိုင်ခွင့်ရရှိ သူ(၁၁)ဦး၊ ဧရိယာ ၂၉၉၈ ဒသမ ၀၈ ဧကသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်  ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စုရှိ မုတ္တမပင်လယ်ကွေ့မှ ပေါ်ထွန်း လာသော မြေလွတ်နှင့် မြေရိုင်းများကို မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ က ဒေသခံတောင်သူနှစ်ဦးအတွက်  ဧရိယာ ဧက ၄၅၀ ကို သဘာဝပုစွန် မွေးမြူရေးလုပ်ငန်းအဖြစ် ခွင့်ပြုသည့်နည်းလမ်းအတိုင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိ သည်ကို သိရပါကြောင်း။
မုတ္တမ သောင်ထွန်းမြေရိုင်းများကို အနီးစပ်ဆုံးတွင် နေထိုင်သူဒေသခံများကို စနစ် တကျ ပြန်လည်ခွဲဝေ စိုက်ပျိုးစေခြင်း သို့မဟုတ် စုပေါင်းလယ်ယာများ လုပ်ကိုင်ခွင့်ပြုပေး နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် ဗဟိုကော်မတီသို့ လျှောက်ထား နိုင်ပါကြောင်း၊ ကျေးလက် ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်လိုသူ မျာ အနေဖြင့်လည်း လျှောက်ထားနိုင်ပါကြောင်း၊ အဆိုပါ သောင်ထွန်းမြေရိုင်းများကို အနီးစပ်ဆုံးတွင် နေထိုင်သူ ဒေသခံများ အနေဖြင့်ဥပဒေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ လျှောက်ထားနိုင်ပါကြောင်း ဒုတိယ၀န်ကြီး ဦးလှကျော် က ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး က ၀က်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို မဆပ်သူ တစ်ဦးတစ်ယောက်ကြောင့် နောင်နှစ်တွင် ချေးငွေထုတ်မပေးပါသဖြင့်  ငွေကျေပြီးသော  တောင်သူများကို ဆက်လက်ထုတ်ပေးပါရန် တောင်းခံခြင်း မေးခွန်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ မင်းတုန်းမြို့နယ် အမှတ်(၃) ရပ်ကွက်အတွင်းရှိ တံတားများပျက်စီးနေမှု အပေါ်အသစ်ပြန် လည်တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မင်းတုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အတွင်းရှိ တံတားများ ပျက်စီးနေမှုအပေါ် အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်၏ ငွေချေးအဖွဲ့ ၀င်ရောက်ငွေချေးယူပါက အတိုးအရင်းပေါင်း ပြန်ဆပ်ရသောအခါ ပြန်လည်ပေးဆပ်ခြင်းမပြု နိုင်တော့ဘဲ ပြဿနာ များစွာ ရင်ဆိုင်နေရပါသဖြင့် ကျေးလက်ဒေအတွင်း ငွေချေးအဖွဲ့အစည်းများအား စီမံဆောင် ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ  မေးခွန်း၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ ရွာငံ- ပြဒါးလင်း ဂူလမ်းအား ရာသီမရွေးသွားလာနိုင်ရန် ကတ္တရာလမ်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင် ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း၊ ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ ကျောက်ကြီးမြို့နယ် ငထွေစုတ် ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီး ဆင်းနေသော ငါးဖျင်းသလက်ခေါက် မြောင်းကြီးအားဖြတ်လျက် ကွန်ကရစ်တံတာ(၁)စင်း တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ  မေးခွန်းများနှင့် စပ်လျဉ်း၍ ဆက်လက် ဖြေကြားသည်။
ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး က အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့်ပြည်သူလူထု ဆက်ဆံရေး ပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်ခဏခဏ မပြောင်းရန် အတွက် ထိန်းသိမ်းကြတ်မတ်ပေးရန်လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ် ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူပြီး အဆိုကို လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင် ကြောင်း ကြေညာသည်။
ယင်းနောက် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ နိုင်ငံတစ်ဝန်းရှိ ယနေ့အထိ စားကျက်မြေအဖြစ် တည်ရှိနေသော စားကျက်မြေများနှင့် စပ်လျဉ်းပြီး ဒေသခံပြည် သူလူထု၏ ဆန္ဒသဘောများကို ရယူကာ စိုက်ပျိုးမြေအဖြစ်သို့လည်းကောင်း၊ ရွာမြေအဖြစ် သို့လည်းကောင်း၊ စားကျက်မြေအဖြစ်သို့လည်းကောင်းသို့မဟုတ် အခြားနည်းအသုံးပြုမှု တစ်ခုခုအတွက်လည်းကောင်း၊ လက်တွေ့ကျကျ အသုံးပြုနိုင် ရေးအတွက် ရှင်းလင်း တိကျသော မူဝါဒဆောလျင်စွာ ချမှတ်အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရကို အကြံပြု တိုက်တွန်းကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိန်ထွန်း က စားနပ်ရိက္ခာလုံလောက်မှု မရှိပါက အဟာ ရမပြည့်ဝသဖြင့် ကျန်းမာရေးချို့တဲ့ခြင်း၊ သက်တမ်းစေ့မနေရခြင်း၊ ကုန်ထုတ် စွမ်းအားများကျဆင်းခြင်း၊ ပညာသင်ကြားမှုနှင့် နည်းပညာဖွံ့ဖြိုးမှု နောက်ကျ ခြင်းစသည့် လူ့စွမ်းအားအရင်းအမြစ် (Human Resources) ယုတ်လျော့ကျဆင်းခြင်းကို ဖြစ်စေ ပါကြောင်း။
စားကျက်မြေသည် ကျွဲ၊ နွားများ၏ အစားအစာလိုအပ်ချက် သဘာဝအတိုင်းရှင်သန် ကြီးထွားနေထိုင်နိုင်ရေးနှင့် အကောင်ရေတိုးပွားရေးတို့ကို ဖြည့်ဆည်းပေးသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ကျွဲ၊ နွားများအပြင်အခြားသော တိရိစ္ဆာန်များအတွက်ပါ တွက်ချက်၍ စားကျက်မြေဧရိယာ မည်မျှရှိသင့်သည်ကို သတ်မှတ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း။
နိုင်ငံတွင် မူလစားကျက်မြေ ၈၆၅၇၇၂ ဒသမ ၄၄ ဧကရှိရာ လက်ရှိတွင် စားကျက်မြေ ၇၃၂၈၅၄ ဒသမ ၁၀ ဧကသာ ကျန်ရှိသည်ကို သိရပါကြောင်း၊ အဆိုပါ စားကျက် မြေများသည် စာရင်းသာဖြစ်ပြီး စားကျက်မြေ (သို့မဟုတ်) အခြားနည်းဖြင့် အသုံးပြုနေ ခြင်း(သို့မဟုတ်) ထပ်မံ၍ ကျူးကျော်အသုံးပြုခံရခြင်းများကိုပါ ခွဲခြား၍ သိရန်လိုအပ် ပါ ကြောင်း၊ စားကျက်မြေကျူးကျော်မှုကို ဥပဒေနှင့်အညီ အရေးယူရာတွင် လိုအပ်ပါက ပြဋ္ဌာန်းထားသည့်ဥပဒေကို ခေတ်နှင့်အညီပြုပြင်၍ ထပ်မံပြဋ္ဌာန်း သင့်ပါကြောင်း။
စားကျက်မြေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို လိုက်နာကျင့်သုံးမှုအားနည်း၍ အဆိုပါဥပဒေများ အသက်ဝင်မှု အားနည်းနေသည် ကို လေ့လာတွေ့ရှိရပါကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆဲ ကာလ တွင် လယ်ယာကဏ္ဍအတွက် အသုံးပြုရန် ကျွဲ၊ နွားလိုအပ်ချက်များသည် မြင့်မား နေဆဲဖြစ် ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်နေပြည်သူများ၏ လူမှုဘ၀တိုးတက်မြင့်မား ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စားကျက်မြေများ မပျောက် ပျက်ရေးတို့ကို နိုင်ငံတော် အဆင့်သတ်မှတ်၍ အဘက်ဘက်မှ ၀ိုင်းဝန်းစဉ်းစား သုံးသပ် သင့်ပါကြောင်းနှင့် စားကျက် မြေများကို လက်တွေ့ကျကျအသုံးပြုနိုင်ရေးအတွက် မူဝါဒ အသစ်တစ်ရပ် ရေးဆွဲရန်လို အပ်နေပြီဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ တိုက်ကြီးမဲဆန္ဒနယ်မှ ဦးကျော်မြင့်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ နတ်တလင်း မဲဆန္ဒမှ ဦးခင်အေး၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မှော်ဘီမဲဆန္ဒနယ်မှ ဦးအောင်ဝင်း၊ လပ္ပတ္တာမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးကြူ၊ ပုဏ္ဏား ကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ တံတားဦးမဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းနှင့် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင် တို့က ဆွေးနွေးကြသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင်ထားရှိသင့်ကြောင်း တင်ပြရာ အဆိုရှင် ဦးကျော်မင်းက လွှတ်တော်မှ မှတ်တမ်းတင် စောင့်ကြည့်ပေးရန် ဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ၏ သဘောထားဆန္ဒရယူပြီး အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည် ဖြစ် ကြောင်းကြေညာသည်။
မင်းဝေမွှေးနန်း(သတင်းစဉ်)

No comments:

Post a Comment