Friday, March 24, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်တွေ့ဆုံ


စန်းယ မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပနေသည့် အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ညနေပိုင်းတွင် ဘိုအောမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်သည်။

နှစ်နိုင်ငံဆွေးနွေးပွဲသို့  ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီနှင့် ဒုတိယ၀န်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် Boao International Conference Center ပင်မဆောင်၌ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီက ၂၀၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဘိုအောမြို့ နိုင်ငံတော်ဧည့်ဂေဟာ၌ ဘိုအောဖိုရမ် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းဖေးရန် နှင့် တွေ့ဆုံ၍ ဘိုအောဖိုရမ် ကျင်းပနေမှု နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment