Tuesday, March 7, 2017

လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ရန်ကုန်အရှေ့ပိုင်းခရိုင်တွင်ဖွင့်လှစ်

ရန်ကုန် မတ် ၇
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာ အရာထမ်းများအား လူ့ အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်အတွက် အလုပ်ရုံသင်တန်းကို ယနေ့နံနက်(၁၀း၀၀)နာရီ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးသစ်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်၊ တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေး ဖြစ်စဉ်များအားဆွေးနွေးခြင်း၊ လူ့အခွင့်အရေးကြေငြာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များစသည့် သင်ခန်းစာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ခရိုင်အဆင့် သင်တန်းသား (၅၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်းသိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)

No comments:

Post a Comment