နေပြည်တော် မတ် ၈
ဖလမ်းမြို့မှတစ်ဆင့် တီးတိန်မြို့သို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ဖလမ်း-သိုင်းငင်-တီးတိန် ဓာတ်အားလိုင်း
၅၅ မိုင်အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏
၂၈ ရာခိုင်နှုန်း ခန့်ပြီးစီး ပြီဖြစ်ကြောင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၆ ရက် မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ
ဦးကျင့်ခန့်ပေါင် ၏ “ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်နှင့်
တွန်းဇံမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်း ရရှိရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို
သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထိုသို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ဖလမ်းမြို့မှ တစ်ဆင့်
တီးတိန်မြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ၆၆ ကေဗွီ ဖလမ်း-သိုင်းငင်-တီးတိန်ဓာတ်အားလိုင်း
(၅၅)မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ တီးတိန် ဓာတ်အားခွဲရုံအား ဘတ်ဂျက်ရန်ပုံငွေ
ကျပ်သန်းပေါင်း (၆,၀၃၇) သန်း အကုန်အကျခံ၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
သိုင်းငင်မှ တီးတိန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်း
(၂၀) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ တီးတိန် ဓာတ်အားခွဲရုံစီမံကိန်းအား တည်ဆောက်ရန်
ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း (၃,၉၈၁) သန်း လိုအပ်ပြီး ကြိုတင်တိုင်းတာမှုလုပ်ငန်းများပြုလုပ်ရန်အတွက်
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၅၀ အားထည့်သွင်းတောင်းခံထားပြီး ဘဏ္ဍာရေးကော်မရှင်
အစည်းအဝေးက အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားသည့် ၀န်ကြီးဌာန၏ ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းတွင် ပါဝင်
ပါကြောင်း။
ထပ်မံလိုအပ်သော ဘဏ္ဍာငွေများအား နောင်လာမည့်
ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေ ထည့်သွင်း တောင်းခံ၍ ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ လုပ်ငန်းများ
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တွန်းဇံမြို့ကို ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆
ကေဗွီ ဖလမ်း-သိုင်းငင်-တီးတိန် ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှသာ တီးတိန်မြို့တွင်
၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ၃၃ ကေဗွီ
တီးတိန်-တွန်းဇံ ဓာတ်အားလိုင်း ၂၉ မိုင်နှင့် တွန်းဇံမြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ
ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း။
အဆိုပါလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး
နှစ်မှစ၍ ပြည်ထောင်စုရန်ပုံငွေ တွင် ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားတောင်းခံသွားမည်ဖြစ်ပြီး
ဘဏ္ဍာငွေ ခွဲဝေ ရရှိမှုအပေါ်မူတည်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျီခါးမြို့သည် တွန်းဇံမြို့မှ ၈၃ မိုင်ကွာဝေးပါသဖြင့်
လတ်တလော မဟာဓာတ်အား လိုင်းမှ ဓာတ်အား ချိတ်ဆက်ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေးသည့်မြို့တစ်မြို့
ဖြစ်သည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် အစိုးရ အဖွဲ့၏ ရန်ပုံငွေဖြင့် ကာလေချောင်း
အသေးစား ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏
“မွန်ပြည်နယ်၊ ရေးမြို့အနီးရှိအဘော် လေယာဉ်ကွင်းအဟောင်း
ဧရိယာတွင် ဓာတ်အားခွဲရုံဆောက်လုပ်ရန်အတွက် ရော်ဘာခြံရှင် များအား လျော်ကြေးငွေ ကျပ်
၇၈၉ သိန်းကျော် ပေးချေခဲ့သော်လည်း မြေဧရိယာသတ်မှတ် ချက် ပီပီပြင်ပြင်မရှိသည့်တွက် နိုင်ငံတော်ဘဏ္ဍာ
လေလွင့်ပျောက်ဆုံးမှု ဖြစ်ပေါ်နိုင်သဖြင့် ၄င်းမြေနေရာကို
ဧရိယာတိုင်းတာသတ်မှတ်ခြင်းနှင့် အဘော် လေယာဉ်ကွင်းဟောင်း ဧရိယာ အားမည်ကဲ့သို့ဆက်လက်စီမံဆောင်ရွက်သွားမည်ကို
သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ၀န်ကြီးဌာနအနေဖြင့်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေးနှင့် ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက်
မော်လမြိုင်မြို့မှ ရေးမြို့အထိ (၉၅)မိုင်၊ ရေးမြို့မှ ထားဝယ်မြို့အထိ (၈၅) မိုင် စုစုပေါင်း
၂၃၀ ကေဗွီ ဓာတ်အားလိုင်းမိုင် ၁၈၀ နှင့် ဓာတ်အားခွဲရုံများအတွက် အတိုးနှုန်းသက်သာသော
Asian Development Bank (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) အောက်မှ ထည့်သွင်း၍
အဆိုပြုလွှာပေးပို့ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘော တူခဲ့ပြီးဖြစ်သည့်အတွက်
အဆိုပြုလွှာအား ADB ဘဏ်သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ၂၃၀ ကေဗွီ၊ မော်လမြိုင်-ရေး-ထားဝယ်
ဓာတ်အားလိုင်း တည်ဆောက်ခြင်းအတွက် လိုအပ်သော ဓာတ်အားခွဲရုံမြေနေရာများအား အဘော်လေယာဉ်
ကွင်းဟောင်း ဧရိယာ (၁၃၃ ဒသမ ၉၀) ဧက အနက်မှ (၆၃ ဒသမ ၃၅ )ဧက ရွေးချယ်သတ်မှတ်ခဲ့ပါကြောင်း
ဖြေကြားသည်။
ထို့ပြင် ဒုတိယ၀န်ကြီးက လေယာဉ်ကွင်းဟောင်း
ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင် နေသော တောင်သူ (၁၂)ဦး အား ၄င်းတို့၏ သဘောတူညီသည့်
သီးနှံလျော်ကြေးငွေကျပ် (၇၈ ဒသမ ၉ သန်း) ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်နေ့က ပေးအပ်ဆောင်ရွက်ပြီး
ဖြစ်ပါကြောင်း၊ ၂၃၀ ကေဗွီ ရေးဓာတ် အားခွဲရုံမြေနေရာသည် လေယာဉ် ကွင်းဟောင်း မြေနေရာ
ဧရိယာအတွင်းပါသော မြေဖြစ်၍ လေယာဉ်ကွင်းဟောင်း မြေနေရာမှ ထုတ်နုတ်ခွင့် ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်
အညီ ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှလည်း ရေးမြို့နယ်၊
အဘော်ကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်း မြေဧရိယာ (၁၃၃ ဒသမ ၉၀) ဧကအနက် ဧရိယာ (၆၃ ဒသမ
၃၅) ဧကကို ၂၃၀ ကေဗွီ ရေးဓာတ်အားခွဲရုံတည်ဆောက်ရန် အမည် ပေါက်လျှောက်ထားလာခြင်းနှင့်
ပတ်သက်၍ ကန့်ကွက်မည့်သူများရှိပါက ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း ကြော်ငြာခဲ့ပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်
မွန်ပြည်နယ်အတွင်းဓာတ်အား ပေးနိုင်သည့် နယ်နိမိတ် တိုးလာရေးအတွက် ရေးမြို့တွင် ၂၃၀
ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက် နိုင်ရန် ကြိုတင်မြေနေရာရှာဖွေခြင်း၊ သီးနှံနှင့် မြေယာလျော်ကြေးများ၊
နစ်နာကြေးများ ပေးအပ်ခြင်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်းနှင့်
လတ်တလောတွင် ဓာတ်အားခွဲရုံမြေနေရာ အမည်ပေါက်ရရှိရေးလုပ်ငန်းအား ဆက်လက် ဆောင်ရွက်နေပါကြောင်းနှင့်
ဓာတ်အားခွဲရုံနယ်နိမိတ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား
ဌာန ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် သာမန်ဘတ်ဂျက်ခေါင်းစဉ်အောက်မှ ကျခံသုံးစွဲ၍ ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏
“ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ရိခေါ်ဒါရ်မြို့သို့
မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်း၊
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ်၊
မုဒုံမြို့နယ်၊ ဒိုမားကျေးရွာ၊ ထုံမံကျေးရွာ၊ ဆက်သွယ်ရေး ကျေးရွာနှင့် ကွမ်ကဗွီးကျေးရွာများ
မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ မော်လမြိုင်-မုဒုံ-သံဖြူဇရပ် (၃၃) ကေဗွီဓာတ်အားလိုင်း
မှတစ်ဆင့် (၃၃/၁၁)ကေဗွီ (3) MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”မေးခွန်း၊
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ညောင်ပင် ဆိပ်ရပ်ကွက်၊ ခြံစုရပ်ရှိ ပြည်သူများ
အတွက် လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း” နှင့် ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ်မှ
အပေါက်ဝကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အား လိုင်းသွယ်တန်းပြီး အပေါက်ဝကျေးရွာ လျှပ်စစ်မီး
ရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း”
တို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး
ပေးပို့်လာသော “ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာ
ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက လေ့လာတွေ့ရှိချက်နှင့်
သုံးသပ်ချက်များ ပါဝင်သော ကော်မတီ၏အစီရင်ခံစာကိုလည်း ကောင်း၊ “တရားခံလွှဲပြောင်းရေးဥပဒေကြမ်း” နှင့် စပ်လျဉ်း၍
ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန်က လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များပါဝင်သော
ကော်မတီ၏ အစီရင်ခံစာကို လည်းကောင်းဖတ်ကြားကြသည်။
အမျိုးလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှစ်ရပ်နှင့်
စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာသည်။
မော်စီ၊
ဖြိုးသန့်ချို(သတင်းစဉ်)

No comments:
Post a Comment