Friday, March 3, 2017

လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရာတွင် ပြစ်တင် ဝေဖန် ရှုတ်ချခြင်း၊ အရေးယူ အပြစ်ပေးခြင်း တို့အပေါ် အာရုံစိုက်နေခြင်းထက် ပြဿနာအား ဖြေရှင်းရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ကူညီ ပံ့ပိုးရေး အတွက် အပြုသဘောဖြင့် ချဉ်းကပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား



နေပြည်တော် မတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ (၂၇)မှ မတ် (၁) ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (၃၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး High-Level Segment သို့ တက်ရောက်ပြီး မတ် (၂၈)ရက်  မွန်းလွဲပိုင်းတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ထိုသို့ မိန့်ခွန်း ပြောကြားရာတွင် ဒုတိယဝန်ကြီးက လူ့အခွင့်အရေး ကောင်စီသည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ဘက်လိုက် ခွဲခြားမှုမရှိဘဲ၊ မျှတစွာဖြင့် လူသား အားလုံး၏ အခွင့်အရေး ကာကွယ် မြှင့်တင်ပေးရန်နှင့် နိုင်ငံအားလုံး၏ အကျိုးအတွက် ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ မဟုတ်ပါက လူ့အခွင့်အရေး ကောင်စီ၏ လုပ်ငန်းများ အပေါ်ထားသည့် ယုံကြည်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ထိတွေ့ ပူးပေါင်း ဆောင်ရွက်မှု ပြုသည့် ချဉ်းကပ်မှု ပုံစံအသစ်ဖြင့် ဆောင်ရွက်နေမှု၊ အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ကိစ္စတို့နှင့် ပတ်သက်၍ ပြည်တွင်း ယန္တရားများ ထားရှိ ဆောင်ရွက်မှု အပါအဝင် အလေးထား ကြိုးပမ်း ဆောင်ရွက် နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယင်းသို့ ကြိုးပမ်း ဆောင်ရွက်မှု အရှိန်အဟုန် ရရှိလာချိန်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်ရဲစခန်းများကို အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက် လာခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့များမှ အပြစ် ကျူးလွန်သူများကို ဖမ်းဆီးရေးနှင့် ၎င်းတို့ ယူဆောင် သွားသည့် လက်နက်များ ပြန်လည် ရရှိရေးအတွက်  နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှု ပြုရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိသည် ဟူသော စွပ်စွဲချက်များကို အစိုးရ အနေဖြင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်း၍ အလေးထား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေမှုကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် ကိစ္စကို ဖြေရှင်းရာတွင် လူ့အခွင့်အရေး ကောင်စီ၏ ဆောင်ရွက်ချက် များသည် ပြဿနာ၏ အစိတ်အပိုင်း မဖြစ်စေဘဲ၊ ပြဿနာ ဖြေရှင်းရေးကို အထောက်အကူပြု စေရေးအတွက် ဖြစ်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြဿနာ ဖြေရှင်းရေးကို အာရုံစိုက် ထားကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် လူ့အသိုက်အဝန်းများကို ပိုမို ကွဲပြားသွားစေရန် ဆောင်ရွက်ခြင်းမျိုး မဖြစ်စေဘဲ၊ ပိုမို နီးကပ်လာရေး အတွက် ကြိုးပမ်းမှုတွင် ကူညီပံ့ပိုးရေးကို အာရုံစိုက်ရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရာတွင် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ပြစ်တင် ဝေဖန် ရှုတ်ချခြင်း၊ အရေးယူ အပြစ်ပေးခြင်းတို့အပေါ် အာရုံစိုက်နေခြင်းထက် ပြဿနာအား ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်ချက်များကို ကူညီ ပံ့ပိုးပေးရေး အတွက် အပြု သဘောဖြင့် ချဉ်းကပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် အစည်းအဝေး တက်ရောက်စဉ် ကာလ အတွင်း၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန Parliamentary Under-Secretary of State ဖြစ်သူ Mr. Alok Sharma၊ အီးယူ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis၊ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scott Busby နှင့် နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Marit Berger Rosland တို့အား ဂျီနီဗာမြို့ ကုလသမဂ္ဂ အဆောက်အဦ၌ သီးခြားစီ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြဿနာ ဖြေရှင်းရေး၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး၊ လူ့အခွင့်အရေး ကောင်စီတွင် မြန်မာနိုင်ငံ ကိစ္စနှင့် စပ်လျဉ်း၍ စဉ်းစား ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများအား နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပေးရေးတို့ကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ဒုတိယဝန်ကြီးသည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်း ကိုယ်စားလှယ်မှ ဂျီနီဗာမြို့၌ တည်ခင်းသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ အစိုးရမှ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အလေးထား ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေး အတွက် ဆောင်ရွက် နေမှုများကို   ရှင်းလင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် မတ် (၁)ရက် ညနေပိုင်းတွင် Kempinski ဟိုတယ်၌ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးထင်လင်းမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန်နှင့် ကော်မရှင် အဖွဲ့ဝင်များအား တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment