Friday, March 3, 2017

ဒုတိယ ရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၈၆) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယ ရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၈၆/၂၀၁၆) ရဲသီဟတပ်ခွဲ သင်တန်း ဆင်းပွဲ ကျင်းပ



နေပြည်တော် မတ်လ ၃
ဒီမိုကရေစီခေတ်၏ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်နှင့် အညီ ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင် ကျင့်ကြံနေထိုင် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ရဲချုပ် ဇော်ဝင်းက ပြောကြား လိုက်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဒုတိယ ရဲအုပ်လောင်း သင်တန်း ရဲသီဟတပ်ခွဲ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပစဉ် ရဲချုပ် ဇော်ဝင်းက အမှာစကား ပြောကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှေးဦးစွာ ရဲချုပ်သည် ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်း တပ်ခွဲများကို စစ်ဆေးခဲ့သည်။
ထို့နောက် သင်တန်းဆင်း တပ်ခွဲများမှ ဒုတိယ ရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြု ပြီးနောက် ရဲချုပ်က   ထူးချွန်ဆုရ  ကျောင်းသား (၅)ဦးကို  ဆုများ ပေးအပ် ချီးမြှင့်သည်။
ရဲချုပ် ဇော်ဝင်းက   ရဲဘော်တို့ အနေဖြင့် မိမိ အထက်အောက် ရာထူး အဆင့်ဆင့်မှာ အပြန်အလှန် လေးစားမှုနှင့် တာဝန်များကို ထမ်းဆောင်ကြရမှာ ဖြစ်ပြီး တပ်ဖွဲ့ဝင် အဆင့်ဆင့်၏ စုပေါင်း စွမ်းရည်များကို ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး ပြစ်မှု တရားစီရင်ရေး စနစ်အပေါ် ပြည်သူများ ယုံကြည် ကိုးစားလာအောင် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များမှာ ပြည်သူလူထု အလွှာ အသီးသီးက တက်ကြွစွာ ပူးပေါင်း ပါဝင်လာအောင် လူ့အခွင့်အရေး လေးစားမှုဖြင့် လူ့အဖွဲ့အစည်းဝင် အားလုံးနှင့် ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ဒီမိုကရေစီ ရဲလုပ်ငန်း၏ တိုးတက်မှုသည် ထိန်းချုပ်မှုကို ရှေးရှုသော CONTROL-ORIENTED APPROACH  မှ ဝန်ဆောင်မှုကို ရှေးရှုသော SERVICE-ORIENTED APPROACH သို့ ပိုမို ကူးပြောင်းနိုင်ခြင်း အပေါ်မှာ မူတည်ကြောင်း၊ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း စနစ်ကို ဖော်ဆောင်သည့် အခါ ရဲတပ်ဖွဲ့ဝင်အားလုံးသည် နိုင်ငံသား ပြည်သူများကို ဆွေမျိုး အရင်းအချာများ သဖွယ် သဘောထား ဆက်ဆံပြီး ပြည်သူများအား ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည် ဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း။
ရဲလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ဥပဒေနှင့် အညီ ဖြစ်ရုံသာမက ဉာဏ်အမြော် အမြင်လည်း ရှိကြရမည်ဖြစ်ပြီး အခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး ဦးတည်ရမည့် အပြင် ရေရှည်တွင် အဆိုးဘက်သို့ ဦးတည်သည့် အကျိုး သက်ရောက်မှု မရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်း။
ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးအပိုင်း တာဝန် ရှိသူများအနေဖြင့် ရှောင်လွှဲမရနိုင်သည့် အခြေအနေမျိုးတွင် အင်အားကို အသုံးပြုပြီး ဆောင်ရွက်ကြရာ၌ အချိုးအစား ညီမျှမှု (Proportionality)၊ ဥပဒေနှင့် ညီညွတ်မှု (Legitimacy)၊ တာဝန်ခံမှု (Accountability)၊ လိုအပ်ချက်ရှိမှု (Necessity) စသည့် နိုင်ငံတကာ စံနှုန်းများ၊ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ လိုက်နာ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါ ဒုတိယ ရဲအုပ်လောင်း သင်တန်းတွင် တပ်တွင်း ဘွဲ့ရ အမျိုးသား (၂၂၁)ဦးနှင့် အမျိုးသမီး (၁၀၆)ဦး၊ စုစုပေါင်း (၃၂၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment