Friday, March 24, 2017

သူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲများ အချိန်တိုအတွင်းဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သော ညှိနှိုင်း ဆွေးနွေး


ရန်ကုန်၊ မတ်(၂၄)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်(၂၄)ရက်၊ နံနက်(၉)နာရီတွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ သူနာပြုတက္ကသိုလ်များ တွင် သူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲများ
အခ်ျိန်တိုအတွင်းဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သော ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားရာတွင် သူနာပြု၊ သားဖွားများ၏ သင်ကြားမှု၊ သင်ယူမှုစနစ်များ၊ နိုင်ငံတကာအဆင့်မီ တိုးတက်စေရေး ကျောင်းသား/ကျောင်းသူများအနေဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန် သုတေသနများပြုလုပ်၍ မိမိတို့ဘ၀ တက်လမ်းအတွက် မဟာဘွဲ့များနှင့်ပါရဂူဘွဲ့ များ ရရှိနိုင်ရေး စသည်တို့မှာ သုတေသနပြုလုပ်ခြင်း ဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်ပါ ကြောင်း၊ 
လက်တွေ့သူနာပြုစုမှုလုပ်ငန်းများ တိုးတက်စေရေး၊ လူနာများ၏ စိတ်ကျေနပ်နှစ်သက် မှုနှင့် သူနာပြု၊ သားဖွားများ၏ လုပ်ငန်းခွင်ပျော်ရွှင်မှုတိုးတက်ရရှိစေရေး စသည်တို့နှင့် ၎င်းတို့ကို ဖြစ်ပွားစေသည့် အခြေခံ အကြောင်း အရင်းများကိုလည်း သုတေသနပြုလုပ်ခြင်းအားဖြင့် ပိုမိုသိရှိ နိုင်မည်ဖြစ်ပြီး တိုးတက်အောင် ပြုလုပ်နိုင်မည့်အချက်များကို သက်သေသာဓကနှင့်တကွ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
သုတေသနပြုလုပ်ခြင်းဖြင့် သုတေသနပြုလုပ်သူများအနေဖြင့်လည်းကောင်း၊ သုတေသန ပြုလုပ်ခံရသော လူ၊ ပုဂ္ဂိုလ်အကြောင်းအရာအနေဖြင့်လည်းကောင်း၊ သူနာပြု၊ သားဖွားကဏ္ဍ တစ်ရပ်လုံးတိုးတက်စေရေး အတွက်လည်းကောင်း၊ ပြည်သူများနှင့် ဆေးရုံတက် လူနာများအတွက် အဆင့်မီ ကျန်းမာရေးစောင့် ရှောက်မှုများရရှိလာမည်ဖြစ်ပြီး လူနာများ၏ စိတ်ကျေနပ်မှု ကိုရရှိနိုင်မည် ဖြစ်၍ အဘက်ဘက်မှ အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် သူနာပြုတက္ကသိုလ်၊ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာ က သူနာပြုသုတေသန ဘာသာရပ်သင်ကြားမှုနှင့် သုတေသနလုပ်ဆောင်မှုများအား ရှင်းလင်း တင်ပြပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ကျန်းမာရေး လူစွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်တင်တင်လေးနှင့် တက်ရောက်လာကြသော အငြိမ်းစားကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး ကြသည်။
ယခုသူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲ (Clinical Research Unit) များကို ရန်ကုန်နှင့် မန္တလေးရှိ သူနာပြုတက္ကသိုလ်များတွင် စတင်ထူထောင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးမှ အသေးစိတ် ဆောင်ရွက် ရန်များကို မှာကြားသည်။
အဆိုပါ သုတေသနဌာနခွဲများ ထူထောင်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာန နှင့် အငြိမ်းစားကျွမ်းကျင် ပညာရှင်များ မှလည်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment