Tuesday, March 28, 2017

အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ



နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပနေသည့် (၁၁) ကြိမ်မြောက် အသက် (၁၉) နှစ်အောက် အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလီဘော အားကစားရုံ၌ ကျင်းပသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ဘောလီဘော အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြန်မာနိုင်ငံ ဘောလီဘော အဖွဲ့ချုပ်မှ နည်းစနစ် အကြံပေး ဦးတင်မောင်အေးနှင့် အာရှ ဘောလီဘော ကွန်ဖဒီရေးရှင်းမှ တာဝန် ရှိသူများက ပြိုင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် တက်ရောက် လာကြသည့် သတင်းမီဒီယာများက သိရှိ လိုသည်များကို မေးမြန်း ကြသည်။
မေးခွန်းများနှင့် စပ်လျဉ်း၍ တာဝန် ရှိသူများက မြန်မာနိုင်ငံ အနေဖြင့် အာရှအဆင့် ဘောလီဘော ပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံ အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်၍ လက်ခံ ကျင်းပခဲ့ရာ ယခု နှစ်သည် တတိယ အကြိမ်မြောက် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အာရှအဆင့် ဘောလီဘော ပြိုင်ပွဲများကို စဉ်ဆက်မပြတ် လက်ခံ ကျင်းပသွားရန် အဖွဲ့ချုပ် အနေဖြင့် စီစဉ်ထားပါကြောင်း၊ ထိုပြင် နိုင်ငံအတွင်း မျိုးဆက်သစ် ဘောလီဘော အားကစားသမား ပေါ်ထွန်းလာရေး အတွက် မြို့နယ် အဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ပြိုင်ပွဲများ၊ ၀န်ကြီးဌာန ပေါင်းစုံ ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးလျက် ရှိပါကြောင်း၊ အလားတူ ကလေးသူငယ်များ အကြား ဘောလီဘော အားကစားနည်းကို စိတ်ပါဝင်စားမှု ရှိစေရန် အင်းလေး၊ ငွေဆောင်နှင့် ပျဉ်းမနားမြို့တို့တွင် ပြိုင်ပွဲများ ကျင်းပခဲ့ပါကြောင်း ဖြေကြားကြသည်။
ထို့အတူ ၂၀၁၇ ခုနှစ် (၁၁) ကြိမ်မြောက် အသက် (၁၉)နှစ်အောက် အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ခဲ့သော်လည်း ပျက်ကွက်ခဲ့သည့် အသင်းများကို အာရှ ဘောလီဘော ကွန်ဖဒီရေးရှင်းမှ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပနေသည့် (၁၁) ကြိမ်မြောက် အသက် (၁၉)နှစ်အောက် အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲသည် လာမည့် သြဂုတ်လ၌ ဘာရိန်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလီဘော ပြိုင်ပွဲ အတွက် အရေးကြီးသည့် ပွဲစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။
သူရဇော် (သတင်းစဉ်)

No comments:

Post a Comment